ရှန်ဟိုင်းမြို့တွင် ရေနံဓာတုစက်ရုံ မီးလောင်မှုဖြစ်ပွားပြီး အနည်းဆုံး လူတစ်ဦး သေဆုံး

ရှန်ဟိုင်းမြို့တွင် ရေနံဓာတုစက်ရုံ မီးလောင်မှုဖြစ်ပွားပြီး အနည်းဆုံး လူတစ်ဦး သေဆုံး
By Mr John

 တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ ရေနံဓာတုစက်ရုံကြီးတစ်ရုံတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူတစ်ဦး သေဆုံးခဲ့ကြောင်း အစိုးရသတင်းဌာနက ပြောသည်။ 

တရုတ်နိုင်ငံ၏ အကြီးဆုံး ရေနံသန့်စင်ရေးနှင့် ရေနံဓာတုစက်ရုံများအနက် တစ်ခုအပါဝင်ဖြစ်သည့် စက်ရုံတွင် ဇွန်လ (၁၈) ရက် ဒေသစံတော်ချိန် နံနက် (၄) နာရီဝန်းကျင်က မီးလောင်မှု စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ 

ရှန်ဟိုင်းမြို့ Jinshan ခရိုင်ရှိ စက်ရုံဝင်းအတွင်း နေရာများတွင် မီးတောက်လောက်နေမှုကို အဝေးမှ မြင်တွေ့နိုင်ပြီး ထူထပ်သည့် မီးခိုးလုံးများ ထွက်ပေါ်နေခဲ့ပြီး မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းကို အတိအကျ မသိနိုင်သေးဟု ဆိုသည်။

မီးလောင်မှုဖြစ်ပွားသည့် စက်ရုံမှာ အစိုးရပိုင် Sinopec ရေနံလုပ်ငန်းကုမ္ပဏီ၏ စက်ရုံဖြစ်ကြောင်း သိရသည်။ 

ထိုစက်ရုံက တစ်နှစ်လျှင် ရေနံစိမ်း တန်ချိန် (၁၆)သန်းကို သန့်စင်နေပြီး အီသလင်း (ethylene) တန်ချိန် ၇၀၀,၀၀၀ ထုတ်လုပ်နေကြောင်း ၎င်း၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ 

Jinshan နှင့် Fengxian ခရိုင်နှင့် ရှန်ဟိုင်းမြို့ ဓာတုစက်မှုဇုန်တို့မှ လူအင်အား (၅၀၀) ကျော်ပါဝင်သည့် ကယ်ဆယ်ရေးအဖွဲ့များကို မီးလောင်မှုဖြစ်ပွားသည့် စက်ရုံသို့ စေလွှတ်ခဲ့ကြောင်း ရှန်ဟိုင်းမီးသတ်ဌာနက ပြောသည်။ 

ရေနံဓာတုစက်ရုံ မီးလောင်မှုကို ဒေသစံတော်ချိန် နံနက် (၉) နာရီခန့်တွင် ထိန်းချုပ်နိုင်ခဲ့ကြောင်း ကုမ္ပဏီက ဆိုသည်။

ရှန်ဟိုင်းမြို့ခံများက ဆိုရှယ်မီဒီယာတွင် တင်ထားသည့် ဗီဒီယိုတစ်ခုအရ မီးလောင်ခဲ့သည့် ဓာတုဗေဒစက်ရုံတွင် အနည်းဆုံး ပေါက်ကွဲမှုတစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း CNN သတင်းက ဖော်ပြသည်။ 

စက်ရုံနှင့် (၄) မိုင်အကွာတွင် နေထိုင်ကြသည့် မြို့ခံများက ပေါက်ကွဲသံတစ်ခု ကြားခဲ့ရသည်ဟု ဆိုသည်။ 

မီးလောင်မှုအတွင်း သယ်ယူပို့ဆောင်ရေးယာဥ်၏ ယာဥ်မောင်းတစ်ဦး သေဆုံးခဲ့ကြောင်းနှင့် ကုမ္ပဏီဝန်ထမ်းတစ်ဦး ဒဏ်ရာရခဲ့ကြောင်း BBC သတင်း ပြောသည်။ 

Sinopec ကုမ္ပဏီက ထုတ်ပြန်မှုအရ မီးလောင်မှုကြောင့် ပတ်ဝန်းကျင်ထိခိုက်မှုကို စောင့်ကြည်နေခဲ့ကြောင်းနှင့် ပတ်ဝန်းကျင်ရေထုကို ထိခိုက်မှုမရှိခဲ့ဟု ဆိုသည်။ 

အရေးပေါ် စီမံခန့်ခွဲမှု ဝန်ကြီးဌာနက မီးလောင်မှုဖြစ်ပွားသည့် စက်ရုံနေရာသို့ ကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့ကို စေလွှတ်ထားကြောင်း သိရသည်။

တရုတ်နိုင်ငံတွင် မကြာသေးမီ နှစ်များအတွင်း စက်မှုလုပ်ငန်း မတော်တဆမှုများ မြင့်တက်ဖြစ်ပွားခဲ့ပြီး လူအများအပြား သေဆုံးမှုများရှိခဲ့ရာ အများပြည်သူ ဘေးအန္တရာယ်ကင်းရေးနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများ မြင့်တက်နေသည်။

 ၂၀၁၅ ခုနှစ်အတွင်း တရုတ်မြောက်ပိုင်း ဆိပ်ကမ်းမြို့တစ်မြို့ဖြစ်သည့် Tianjin မြို့ရှိ ဓာတုဗေဒကုန်လှောင်ရုံတစ်ရုံတွင် ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ (၁၇၃) ဦး သေဆုံးခဲ့သည်။

၂၀၂၁ ခုနှစ် အောက်တိုဘာလအတွင်းကလည်း တရုတ်အရှေ့မြောက်ပိုင်း Shenyang မြို့ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် ပြင်းထန်သည့် ဂက်စ်ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ (၃) ဦး သေဆုံးခဲ့သည်။

 လူနေအိမ်ခန်းနှင့် စီးပွားရေးလုပ်ငန်း ရောနှောနေသည့် အဆောက်အအုံတွင် အဆိုပါ ဂက်စ်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။

 

Source: CNN, BBC, Reuters