ရွှေဖီမြေသတင်းဌာန၏ သတင်းထောက်ဟောင်း လွေးအမ်ဖောင်ကို အာဏာသိမ်းအဖွဲ့က ထောင်ဒဏ်(၂)နှစ် ချမှတ် 

ရွှေဖီမြေသတင်းဌာန၏ သတင်းထောက်ဟောင်း လွေးအမ်ဖောင်ကို အာဏာသိမ်းအဖွဲ့က ထောင်ဒဏ်(၂)နှစ် ချမှတ် 
ဧပြီ 7, 2022 | ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း အခြေပြု ရွှေဖီမြေ သတင်းအေဂျင်စီ( Shwe Phee Myay News Agency )၏ အမျိုးသမီး သတင်းထောက်ဟောင်းဖြစ်သူ လွေးအမ်ဖောင်ကို အာဏာသိမ်းစစ်ကောင်စီ၏ အဖွဲ့က ဖမ်းဆီးထားပြီး (၆)လကျော်အကြာဖြစ်သည့် ၂၀၂၂ခုနှစ် ဧပြီလ(၇)ရက်နေ့တွင် ပုဒ်မ ၅၀၅ (က)ဖြင့် ထောင်ဒဏ်(၂) ချမှတ်လိုက်ကြောင်း သိရသည်။

 အသက်(၂၁)နှစ်သာရှိသေးသည့် လွေးအမ်ဖောင်သည် ၂၀၂၁ခုနှစ် စက်တင်ဘာလ(၂၆)ရက်နေ့ အကူးပိုင်းအချိန်က လားရှိုးမြို့၊ ရပ်ကွက်(၁)၊ နယ်မြေ(၃)ရှိ နေအိမ်တွင် စစ်ကောင်စီ၏ အင်အား (၃၀)ခန့်ရှိသည့် စစ်တပ်နှင့်ရဲများက  စစ်ကား (၂)စီး၊ ရဲကား (၂)စီး၊ အိမ်စီးကား (၁)စီးနှင့် အိမ်ဘေး ပတ်လည်ကို ဝိုင်းရံထားပြီး  နေအိမ်၏   ခြံစည်းရိုးကို ကျော်တက်ကာ ဝင်ရောက်ဖမ်းဆီးခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းအား ဖမ်းဆီးသွားပြီး စရဖ(စရတ)က စက်တင်ဘာလ (၃၀)ရက်နေ့အထိ စစ်ဆေးကြောရေးတွင် ထားရှိ စစ်ဆေးပြီးနောက်မှ လားရှိုးမြို့၏ ရဲစခန်းသို့ လွှဲပြောင်းပြီး  ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်ကာ ထောင်အတွင်းချုပ်နှောင်ထားပြီး (၆)လကျော်အကြာတွင် ထောင်ဒဏ်(၂)အမိန့်ချခြင်း ဖြစ်သည်။

ယခုလို လုပ်ဆောင်ခြင်းသည် ဒေသအုပ်ချုပ်ရေး စစ်ကောင်စီတပ်နှင့်အဖွဲ့က ၎င်းတို့၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖုံးကွယ်ချင်၍၊ ၎င်းတို့၏ အကြိုက်ကိုမလိုက်၍ ပြည်သူ့ဘက်က ရပ်တည်သည့် သတင်းသမားများကို လိုက်လံ ဖမ်းဆီးထောင်ချခြင်း ဖြစ်သည်ဟု ရွှေဖီမြေသတင်းဌာန၏ အယ်ဒီတာတစ်ဦးက ဆိုသည်။

အဓိက ကတော့ စစ်ကောင်စီက သူတို့ ကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ မတရားဖမ်းဆီး ထောင်ချနေတဲ့ဟာတွေနဲ့ သူတို့ ကျူးလွန်နေတဲ့ဟာတွေကို သတင်းသမားတွေက ရေးသားဖော်ထုတ်နေတော့ သူတို့က မကြိုက်ဘူး။ မကြိုက်တဲ့အတွက်ရော။ ဒေသမှာ သူတို့ကျူးလွန်နေတာတွေကို သတင်းအမှောင်ချချင်တာရောကြောင့် အခုလို သတင်းသမားတွေကို  ဖမ်းဆီးပြီးတော့ ထောင်ချနေတာလို့ပဲ မြင်တယ်။ အဓိက ကတော့ သူတို့အကြိုက်လိုက်ပေးဖို့ ဆိုတာမျိုးကို ဖောင်ဆောင်ချင်တာပေါ့။

ဟု Shwe Phee Myay News Agency ၏ အယ်ဒီတာတစ်ဦးက Tachileik News Agency သို့ ပြောသည်။

ရှမ်းပြည်နယ်အတွင်း၌ ရွှေဖီမြေသတင်းဌာနမှ လွေးအမ်ဖောင် အပါအဝင် ကမ္ဘောဇတိုင်းသတင်းဌာန ( Kanbawza Tai News  )မှ  တာဝန်ခံအယ်ဒီတာ နန်းနန်းတိုင်း(ခ)နန်းနွေးနွေးလှိုင်၊ သတင်းထောက် နန်းဝင်းရီ နှင့် သံလွင်သွေးချင်း သတင်းဌာန အယ်ဒီတာချုပ် ဒေါ်မြဝန်းရံ စသည့်  အမျိုးသမီးသတင်းသမား (၄)ဦးသည် ပုဒ်မ ၅၀၅(က)ဖြင့် ထောင်ဒဏ်များ ချမှတ်ခံထားရသည်။

ရှမ်းပြည်နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီ၏ အကြိုက်ကို မလိုက်သည့် သတင်းဌာနတည်ထောင်သူများ၊ အယ်ဒီတာများ နှင့် သတင်းထောက်များကို ပုဒ်မအမျိုးမျိုးတပ်ကာ လိုက်လံဖမ်းဆီးမှုများ လုပ်ဆောင်သည့်အတွက် ထွက်ပြေးတိမ်းရှောင်နေကြရသည်။