စစ်ကောင်စီတပ် တပ်စွဲထားသည့် တောင်ကြာအင်းရဲစခန်းကို KNLA နှင့် ပူးပေါင်းအဖွဲ့က တိုက်ခိုက် သိမ်းပိုက်

စစ်ကောင်စီတပ် တပ်စွဲထားသည့် တောင်ကြာအင်းရဲစခန်းကို KNLA နှင့် ပူးပေါင်းအဖွဲ့က တိုက်ခိုက် သိမ်းပိုက်

 ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ တောင်ကြာအင်းရဲစခန်းကို ယနေ့ ဧပြီ(၄)ရက်၊ ညနေပိုင်းက KNLA နှင့် ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်လိုက်ကြောင်း သိရသည်။  

အာဏာသိမ်းစစ်ကောင်စီတပ်သားများရှိနေသည့် တောင်ကြာအင်းရဲစခန်းနှင့် စာသင်ကျောင်းတစ်ခုတို့ကို KNLA တပ်မဟာ(၆)နှင့် ပူးပေါင်းတပ်များက နေ့လည်ပိုင်းမှ စတင်တိုက်ခိုက်ကာ သိမ်းပိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ခြင်းကြောင့် ဒေသခံတချို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒါ့အပြင် ယနေ့ နံနက်ပိုင်းတွင်လည်း ကရင်ပြည်နယ်၊ ကော့ကရိတ်- မြဝတီ၊ အာရှလမ်းမကြီး၌ တိုက်ပွဲပြင်းထန်ခဲ့ပြီး အာဏာသိမ်း စစ်ကောင်စီတပ်မှ ပစ်ခတ်ခြင်းကြောင့် ယာဉ်(၄)စီး ပျက်ဆီးခဲ့ရကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲများအတွင်း ထိခိုက်၊ သေဆုံးအခြေအနေကို KNU ဘက်က ထုတ်ပြန်ခြင်း မရှိသေးပေ။

ကရင်ပြည်နယ်တွင် စစ်ကြောင်းထိုးလာသည့် အာဏာသိမ်းစစ်တပ်ကောင်စီတပ်နှင့် လက်အောက်ခံ BGF တပ်တို့၏ စစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေတပ်မတော် (KNLA) နှင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) တို့ ပူးပေါင်း၍ ယနေ့ဧပြီလ(၄)ရက်၊ နေ့လည်ပိုင်းက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က(၇)ဦးသေပြီး လက်နက်တချို့သိမ်းပိုက်ရရှိခဲ့ကြောင်း BPLA က ထုတ် ပြန်ထားသည်။

အသေးစိတ်အခြေအနေကို Tachileik News Agency က ထပ်မံစုံစမ်းနေဆဲဖြစ်သည်။