ဗန်းမောက်မြို့နယ်အတွင်း ဆိတ်စခူးမှော်အနီးတွင် ပုပ်ပွသေဆုံးနေသည့် စစ်ကောင်စီတပ်သား အလောင်း ( ၆ )လောင်းတွေ့

ဗန်းမောက်မြို့နယ်အတွင်း ဆိတ်စခူးမှော်အနီးတွင် ပုပ်ပွသေဆုံးနေသည့် စစ်ကောင်စီတပ်သား အလောင်း ( ၆ )လောင်းတွေ့

 စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်အနောက်ဖက်၊ ဆိတ်စခူမှော်အနီးတွင် ပုပ်ပွသေဆုံးနေသည့် စစ်ကောင်စီတပ်သား အလောင်း (၆)လောင်းကို ၂၀၂၃ခုနှစ်၊ မေလ(၈)ရက်နေ့တွင် တွေ့ရှိခဲ့ရကြောင်း သိရသည်။

၂၀၂၃ခုနှစ်၊ ဧပြီလအတွင်း စစ်ကောင်စီတပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့သော ဆိတ်စခူမှော်အနီးကို ဒေသကာကွယ်ရေးတပ်က နယ်မြေရှင်းလင်းရေးဝင်ရောက်စဉ် စစ်ကောင်စီတပ်များ ထားပစ်ခဲ့သော ၎င်းတို့ တပ်သား အလောင်း (၆)လောင်းကို တွေ့ရှိခဲ့သည်ဟု Banmauk Revolution BR ကလည်း ဖော်ပြထားသည်။

"မြင်မကောင်းအောင် ရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီး အနံ့အသက်များလဲဆိုးဝါးနေလို့ ကာကွယ်ရေးတပ်ဖွဲတွေက ကောင်းမွန်စွာ မြေမြုပ်သင်္ဂြိုလ်ပေးခဲ့ပါတယ်။"ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ် ဦးက Tachileik News Agency ကို မေလ(၈)ရက်နေ့တွင် ပြောသည်။

ယနေ့မေလ ၈ ရက်၊ နံနက်ပိုင်းတွင်လည်း ဗန်းမောက်မြို့နယ်၊ ကြောင်လည်ရွာအနီးတွင် စစ်ကောင်စီတပ်များနှင့် PDF တပ်များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အထိအခိုက်သေဆုံးမှုအခြေအနေကို မသိရ သေးပေ။

"တိုက်ပွဲကတော့ဖြစ်ပြီးသွားပြီလိုတော့ပြောတယ်ဗျ။ ဟိုဘက် ဒီဘက် ဘယ်လောက်ထိလဲ ဆိုတာတော့ မသိရသေးဘူးခင်ဗျ။"ဟုလည်း ၎င်းကဆက်ပြောသည်။

ယနေ့ ညတိုက်ပွဲနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန် သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ Tachileik News Agency အနေဖြင့် ဆက်သွယ်နေဆဲဖြစ်ပါသည်။