တာချီလိတ်မြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ ကာလအတွင်း   Club နှင့် KTV များ ဧပြီလ (၉)ရက်နေ့အထိ ပိတ်ခိုင်းထား

တာချီလိတ်မြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ ကာလအတွင်း   Club နှင့် KTV များ ဧပြီလ (၉)ရက်နေ့အထိ ပိတ်ခိုင်းထား
မတ် 31, 2022 | ရှမ်းရှေ့

၂၀၂၂ - ၂၀၂၃ ပညာသင်၏ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေပြီဖြစ်၍ တာချီလိတ်မြို့နယ်အတွင်းရှိ KTV , Club  နှင့် စင်တင်တေးဂီတ စားသောက်ဆိုင်များအားလုံး ဧပြီလ(၉)ရက်နေ့အထိ ခေတ္တပိတ်ခိုင်းထားရန် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက  ရဲတပ်ဖွဲ့ အပါအဝင်  မြို့နယ် ဗီဒီယိုအခြေခံအဖွဲ့ နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံသို့ ညွှန်ကြားထားကြောင်း  သိရသည်။

 တက္ကသိုလ်ဝင်စာမေးပွဲကို ၂၀၂၂ခုနှစ် မတ်လ(၃၁)ရက်နေ့က စတင်ကာ ဖြေဆိုနေကြပြီး ဧပြီလ(၉)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်သည့်အတွက်  စာမေးပွဲကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ စာကျက်ရာတွင် စိတ်အနှောက်အယှက်မဖြစ်စေရန် KTV , Club  နှင့် စင်တင်တေးဂီတ စားသောက်ဆိုင်များအားလုံး ပိတ်ထားစေပြီး ဧပြီလ(၁၀)ရက်နေ့မှသာ ပြန်လည်ဖွင့်လှစ်ရန် အသိပေးထားကြောင်း သိရသည်။

တာချီလိတ်မှာ ထုံးစံအတိုင်းပေါ့။ သူတို့ကိုယ်တိုင်က ညစဉ် ဒီလိုနေရာတွေကို ရောက်နေကြတာ။ ဘာဖြစ်ဖြစ် စာရွက်ပေါ်မှာပဲ အလုပ် လုပ်တာ။ ညမထွက်ရ အမိန့်ဆိုလည်း စာရွက်ပေါ်မှာပဲ၊ အခုလည်း မယုံရင်ကြည့်နေ စာရွက်ပေါ်မှာပဲ။

ဟု ဒေသခံ တစ်ဦးက Tachileik NewsAgency သို့ ပြောသည်။

စာမေးပွဲကာလအတွင်း KTV နှင့် Club များ သတ်မှတ်ကာလအတွင်း ဖွင့်လှစ်ထားပါက မြို့မရဲစခန်း( 09 4004 00788)နှင့်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ တိုင်ကြားနိုင်ကြောင်း နှင့် သတ်မှတ်ကာလအတွင်း ဖွင့်လှစ်မှုရှိ မရှိကို ရဲတပ်ဖွဲ့ နှင့် မြို့နယ် ဗီဒီယိုအခြေခံအဖွဲ့တို့ အနေဖြင့် စစ်ဆေးမှုများ ပြုလုပ်ရန်လည်း ညွှန်ကြားထားကြောင်း သိရသည်။

တာချီလိတ်မြို့နယ်အတွင်း စာစစ်ဌာန (၃)ခုဖြစ်သည့် အထက(တာချီလိတ်)၊ အထက(တာလေ) နှင့် အထက(ဟောင်လိတ်)တို့မှ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၂၆၃)ဦးသာ စာမေးပွဲ ဖြေဆိုကြောင်း သိရသည်။ 

Covid-19 ကာလမတိုင်မီ ၂၀၂၀ခုနှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲ ကာလအတွင်းက တာချီလိတ်မြို့နယ်အတွင်းရှိ စာစစ်ဌာန(၃)ခုတွင် စာမေးပွဲ ဝင်ရောက်ဖြေဆိုသူမှာ (၁၀၅၁)ဦးရှိခဲ့ပြီး စာမေးပွဲများ ပြန်စသည့် ယခု ၂၀၂၂ခုနှစ် စာမေးပွဲတွင် (၂၆၃)ဦးသာ ရှိခဲ့ခြင်း ဖြစ်သည်။

 

#TachilekNewsAgency