တာချီလိတ်တွင် ထိုင်းနိုင်ငံမှ လွှဲပြောင်းပေးလာသည့် ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသားများကို RDT ဖြင့် Covid-19 အခမဲ့ စစ်ဆေးပေးနေ

တာချီလိတ်တွင် ထိုင်းနိုင်ငံမှ လွှဲပြောင်းပေးလာသည့် ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသားများကို RDT ဖြင့် Covid-19 အခမဲ့ စစ်ဆေးပေးနေ
ဇန်နဝါရီ 16, 2021 | Covid-19| ရှမ်းရှေ့

 

ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့် ဖမ်းစီးခံရပြီး သတ်မှတ်ပြစ်ဒဏ်စေ့သဖြင့် တာချီလိတ်မြို့သို့ ပြန်လည်လွှဲပြောင်းပေးလာသည့် မြန်မာနိုင်ငံသားများကို COVID-19 ရောဂါပိုး ရှိ၊ မရှိကို RDT test kit ဖြင့်အခမဲ့စစ်ဆေးပေးနေကြောင်း သိရသည်။

ထိုင်းနိုင်ငံကနေ ပြန်လွှဲတဲ့ ပြစ်ဒဏ်စေ့မြန်မာနိုင်ငံသားတွေကို အခမဲ့စစ်ဆေးပေးနေတယ်။ လက်ရှိ အခုရေ (၁,၀၀၀) လောက်ကုန်သွားပြီ။ တော်တော်များများ စစ်ပေးနေတယ်။ အဓိကက ကျန်းမာရေးက စစ်ပေးနေတာ

ဟု တာချီလိတ်ခရိုင် Coronavirus Disease 2019(COVID-19) ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဌ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ဇန်နဝါရီလ(၁၅)ရက်နေ့က ပြောသည်။

တာချီလိတ်ခရိုင်အတွင်း COVID-19 စစ်ဆေးခြင်းအား ကျန်းမာရေးဌာနအနေဖြင့် တိုးချဲ့ဆောင်ရွက်နိုင်ရေးအတွက် အလှူရှင် (၃၅)ဦးက RDT test kit အခုရေ တစ်သောင်းကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၂၃)ရက်နေ့၌ လှူဒါန်းထားရာ နှစ်နိုင်ငံကုန်သွယ်ရေးလုပ်ငန်းမှ ယာဉ်မောင်းများ၊ စားသောက်ဆိုင်ဝန်ထမ်းများနှင့် ထိုင်းနိုင်ငံမှလွှဲပြောင်းပေးလာသည့် မြန်မာနိုင်ငံသားများကို စစ်ဆေးပေးနေသည်။

ယာဉ်မောင်းများ နှင့် စားသောက်ဆိုင်ဝန်ထမ်းများကိုတော့ သတ်မှတ်နှုန်းထားများဖြင့် စစ်ဆေးပေးနေပြီး ပြစ်ဒဏ်စေ့မြန်မာနိုင်ငံသားများကိုတော့ အခမဲ့ စစ်ဆေးပေးနေခြင်းသာ ဖြစ်သည်။

အလှူရှင်များ လှူဒါန်းထားသည့် RDT test kit များဖြင့် စစ်ဆေးခြင်းအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတ်မှတ်ဈေးနှုန်းအတိုင်း ကောက်ခံမည်ဖြစ်ပြီး test kit များ ပြန်လည်ဝယ်ယူဖြည့်တင်းမည်ဖြစ်သော်လည်း ထိုင်းနိုင်ငံမှလွှဲပြောင်းပေးလာသည့် ပြစ်ဒဏ်စေ့မြန်မာနိုင်ငံသားများကိုတော့ အခမဲ့စစ်ဆေးပေးနေခြင်း ဖြစ်သည်။

Tachileik News Agency

သတင်း - ဟန်စိုးထိုက်

 

 

ဟန်စိုးထိုက်သည် Tachileik News Agency ၏ အယ်ဒီတာဖြစ်သည်။