တရုတ်စီးပွားရေးမြို့တော် ရှန်ဟိုင်းတွင် COVID 19 တိုးလာနေ၍ ၉ ရက်ကြာ အသွားအလာကန့်သတ်စစ်ဆေးမည်

တရုတ်စီးပွားရေးမြို့တော် ရှန်ဟိုင်းတွင် COVID 19 တိုးလာနေ၍ ၉ ရက်ကြာ အသွားအလာကန့်သတ်စစ်ဆေးမည်
By Tachileik News Agency

တရုတ်စီးပွားရေးမြို့တော်ဖြစ်သည့် ရှန်ဟိုင်းတွင် COVID 19 ဗီဇပြောင်း အိုမီခရွန်ပိုးတွေ့သူနေ့စဉ်တိုးလာနေသဖြင့် မြို့တော်အား ယာယီအသွားအလာကန့်သတ်ပြီး စစ်ဆေးရန် စီစဉ်နေကြောင်း သိရသည်။

ရှန်ဟိုင်းတွင် ယခုလဆန်းပိုင်းကတည်းက ပိုးတွေ့သူထပ်တိုးလာသဖြင့် မတ်လ (၂၈)ရက်နေ့မှ ဧပြီလ (၁) ရက်နေ့အထိ မြို့အရှေ့ဘက်ခြမ်းကို အသွားအလာကန့်သတ် စစ်ဆေးပြီး ဧပြီလ (၁)ရက်နေ့မှ (၅)ရက်နေ့အထိကို ကျန်အပိုင်းများအား စစ်ဆေးမည်ဟုသိရသည်။

လူဦးရေ (၂၅) သန်းရှိသည့် ရှန်ဟိုင်း၏ စီးပွားရေး မတည်မငြိမ်ဖြစ်မည်စိုးရိမ်သဖြင့် အာဏာပိုင်များက အသွားအလာကန့်သတ်မှု မလုပ်လိုသော်လည်း ပြီးခဲ့သည့် စနေနေ့ (မတ်လ ၂၆)က ပိုးတွေ့လူနာအရေအတွက် စံချိန်တင်မြင့်လာသဖြင့် အသွားအလာကန့်သတ် စစ်ဆေးရန် လုပ်ဆောင်လာခြင်းဖြစ်သည်။

အသွားအလာကန့်သတ်မည့် (၉)ရက်တာကာလအတွင်း အများပြည်သူပို့ဆောင်ရေး၊ အလုပ်ရုံ၊ စက်ရုံများ လုပ်ငန်းလည်ပတ်မှုကို ယာယီရပ်တန့်ထားကြရမည်ဟု သိရသည်။

COVID 19 ပိုးတွေ့လူနာကို တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ (၁၂) ရက်နေ့က စတင်တွေ့ခဲ့ရခြင်းဖြစ်ပြီးနောက် ကမ္ဘာတစ်ဝန်းတွင် ပျံ့ပွားကာ ကမ္ဘာ့ကပ်ရောဂါအဖြစ် ဖြစ်ပွားလာခြင်းဖြစ်သည်။



Source: Reuters