တာချီလိတ်မြို့တွင် အိမ်ရှင်ခရီးထွက်နေချိန်အတွင်း ကျပ်သိန်းပေါင်း (၂၅၆၀)ကျော် တန်ဖိုးရှိ ရွှေထည်ပစ္စည်းများနှင့်ရှေးဟောင်းပစ္စည်းများ ခိုးခံရ

တာချီလိတ်မြို့တွင် အိမ်ရှင်ခရီးထွက်နေချိန်အတွင်း ကျပ်သိန်းပေါင်း (၂၅၆၀)ကျော် တန်ဖိုးရှိ ရွှေထည်ပစ္စည်းများနှင့်ရှေးဟောင်းပစ္စည်းများ ခိုးခံရ

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် အိမ်ရှင်ခရီးထွက်ချိန်အတွင်း မီးခံသေတ္တာကို ဖျက်ဆီးပြီး ကျပ်သိန်းပေါင်း (၂,၅၆၀)ကျော်ဖိုး ရွှေထည်ပစ္စည်းများ နှင့် ရှေ့ဟောင်းပစ္စည်းများ  ခိုးယူခံရမှု ဖြစ်ပွားခဲ့သော်လည်း ရဲတပ်ဖွဲ့က မတ်လ(၁၃)ရက်နေ့အထိ စုံစမ်းဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ဖြစ်စဉ်မှာ တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၂)အတွင်းရှိ နေအိမ်တွင် မတ်လ(၁၀)ရက်နေ့ ည(၇)နာရီဝန်းကျင်အချိန်က နေအိမ်တံခါးများ ပွင့်နေသည်ကို ဘေးအနီးအနားတွင် နေထိုင်သူများမှ တွေ့ရှိရာက တဆင့် နေအိမ်အတွင်း တန်ဖိုးရှိပစ္စည်းများ ခိုးယူခံခြင်းကို သိရခြင်း ဖြစ်ကြောင်း နှင့် နေအိမ်သည် ရဲစခန်းနှင့် တစ်မိုင်ဝန်းကျင်ကွာဝေးပြီး ခရိုင်ရဲတပ်ဖွဲ့မှူးရုံးနှင့်ပို၍ နီးသည့် နေရာဖြစ်ကြောင်း သိရသည်။

နေအိမ်၏ အိမ်ရှင်ဖြစ်သူ အမျိုးသမီးသည် ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၂၆)ရက်နေ့ကတည်းက တာချီလိတ်မှ တဆင့် ရန်ကုန်သို့ ခရီးထွက်နေသူဖြစ်ပြီး နေအိမ်၏ တံခါးများ ပွင့်နေသည်ကို မတ်လ(၁၀)ရက်နေ့ ည(၇)နာရီဝန်းကျင်မှ ဘေးအနီးနေသူများက သတိထားမိသွားသည့်အတွက် နေအိမ်ပိုင်ရှင်အမျိုးသမီးထံ ဖုန်းဆက်အကြောင်းကြားပြီးနောက် ရပ်ကွက်တာဝန်ရှိသူများက နေအိမ်အား သွားရောက် စစ်ဆေးကြည့်ပြီးနောက် နေအိမ်ပိုင်ရှင်၏ ဆန္ဒအရ သော့အသစ်ဖြင့် သော့ခတ်ပေးခဲ့ကြောင်း သိရသည်။

ယင်းသို့ ထူးခြားဖြစ်စဉ်ကြောင့် နေအိမ်ပိုင်ရှင်သည် ခရီးထွက်နေရာမှ မတ်လ(၁၁)ရက်နေ့တွင် ပြန်လည်ရောက်ရှိလာပြီး နေအိမ်အတွင်း စစ်ဆေးကြည့်ရာမှ တန်ဖိုးကြီးပစ္စည်းများ ပျောက်နေသည်ကို သိရခြင်း ဖြစ်ကြောင်း သိရသည်။

ခိုးယူခံရသည့် ပစ္စည်းများမှာ နေအိမ်အောက်ထပ်ရှိ အိမ်ပိုင်ရှင်အမျိုးသမီး အိပ်သည့် အိပ်ခန်းအတွင်းမှ မီးခံသေတ္တာထဲက စုစုပေါင်းအလေးချိန် (၂)ပိဿဝန်းကျင်ရှိသည့် ရွှေတုံး(၅)တုံး၊ ပလက်တီနမ်ဖြင့် စိန်ခြယ်ထားသည့် နားကပ်(၁)ရံ၊ အခေါက်ရွှေလက်ကောက် တစ်ကျပ်သားကွင်း (၁၁)ကွင်း၊ စိန်လက်စွပ် (၁)ကွင်း အပြင် နေအိမ်အောက်ထပ်ရှိ PCX အမျိုးအစား ကြက်သွေးရောင် ဆိုင်ကယ်(၁)စီး ခိုးခံရကြောင်း သိရသည်။

ယင်းအပြင် နေအိမ်အတွင်းရှိ ငွေဒင်္ဂါးပြားဆံထိုး၊ ရှေးဟောင်းခရားအိုး၊ ရှေးဟောင်းဒေါင်းရုပ်(၃)ရုပ်၊ ကြေးဆင်ရုပ်(၇)ရုပ်နှင့် ရှေးဟောင်း ငွေဆံထိုး (၁၂)ချောင်းလည်း ခိုးယူခံလိုက်ရကြောင်း သိရသည်။

ခိုးယူခံလိုက်ရသည့် ရွှေထည်ပစ္စည်းများ၊ ရှေးဟောင်းပစ္စည်းများ နှင့် ဆိုင်ကယ် အပါအဝင် စုစုပေါင်း တန်ဖိုးငွေမှာ ကျပ်သိန်းပေါင်း (၂,၅၆၀)ကျော်ရှိကြောင်း သိရသည်။



အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍  ‌ဟောင်လိတ်နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်သန်းဝင်းနိုင်က စစ်ဆေးနေပြီး ဟောင်လိတ်နယ်မြေရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။