တာချီလိတ်မြို့တွင် ရေချိုးခန်းအတွင်းရှိ ဖိနပ်တွင် မင်းအောင်လှိုင်ပုံတွေ့၍ မင်းအောင်လှိုင်ကို အကြည်ညိုပျက်စေမှုဖြင့် လူငယ်တစ်ဦး ၅၀၅-က ဖြင့် အမှုဖွင့်ခံရ

တာချီလိတ်မြို့တွင် ရေချိုးခန်းအတွင်းရှိ ဖိနပ်တွင် မင်းအောင်လှိုင်ပုံတွေ့၍ မင်းအောင်လှိုင်ကို အကြည်ညိုပျက်စေမှုဖြင့် လူငယ်တစ်ဦး ၅၀၅-က ဖြင့် အမှုဖွင့်ခံရ
မတ် 3, 2022 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ပူးပေါင်းစစ်ဆေးမှုအတွင်း လူငယ်တစ်ဦး၏ ဖုန်းထဲတွင် လက်နက် နှင့် မူးယစ်ဆေးဝါးပုံများတွေ့ရှိ၍ ၎င်း၏ နေအိမ်သို့ သွားရောက် စစ်ဆေးရာမှ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ရုပ်ပုံအား ဖိနပ်တွင် ပုံဖော်ထား၍ ဟုဆိုကာ မင်းအောင်လှိုင်အား အကြည်ညိုပျက်စေမှုဖြင့် အဆိုပါ လူငယ်ကို ပုဒ်မ ၅၀၅-က ဖြင့် ၂၀၂၂ခုနှစ် မတ်လ(၃)ရက်နေ့တွင် အမှုဖွင့်လိုက်ကြောင်း သိရသည်။

တာချီလိတ်မြို့၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုအတွင်း နမ့်လွတ်ရှမ်း(ရွာသစ်)နေ အိုက်အွန်ခမ်း၏ နေအိမ်အတွင်း ဝင်ရောက်ရှာဖွေရာမှ နေအိမ်တွင်း မူးယစ်ဆေးဝါး ရှာဖွေတွေ့ရှိရခြင်း မရှိသော်လည်း နေအိမ်၏ ရေချိုးခန်းအတွင်း၌  အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ပုံကို အဖြူရောင် ရာဘာဖိနပ်တစ်ရံပေါ်တွင် ပုံဖော်ထားသည်ကို တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းသို့ လုပ်ဆောင်ခြင်းသည် နိုင်ငံတော်နှင့်  အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်အပေါ် အကြည်ညိုပျက်စေသည်ဟုဆိုကာ အသက်(၂၇)နှစ်ရှိ အိုက်အွန်ခမ်းအား စရဖ(စရတ)က ဖမ်းဆီးခေါ်ဆောင်သွားကာ စစ်ကြောရေးပြုလုပ်ပြီးနောက်  ဒုရဲအုပ် ကြည်လင်းစိုးက တရားလိုပြုလုပ်ကာ  ဝမ်ပုံနယ်မြေရဲစခန်းတွင် (ပ)၈/၂၀၂၂ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်လိုက်သည်ဟု သိရသည်။

မိုင်းဖုန်းဒေသတွင် မြန်မာ - လာအိုနယ်စပ် မဲခေါင်မြစ်ကမ်းတလျှောက် ခိုးဝင် ခိုးထွက်များကို အထူးစစ်ဆင်ရေးအနေဖြင့် မိုင်းယောင်းတပ်နယ်မှ အမှတ်(၃၁၁)ခြေမြန်တပ်ရင်းမှ လာရောက် အထိုင်ချပြီး ဖမ်းဆီးမှုများ နှင့်အတူ လမ်းပေါ်စစ်ဆေးမှုများကို ပြုလုပ်နေပြီး စစ်ဆေးသည်အခါတွင်လည်း ဖုန်းများပါ ယူစစ်ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်အတွင်း တာချီလိတ်မြို့မရဲစခန်း၊ ဟောင်လိတ်နယ်မြေရဲစခန်း နှင့် ဝမ်ပုံနယ်မြေရဲစခန်းတို့တွင် မတ်လ၏ (၃)ရက်တာ ကာလအတွင်း၌ ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခံရသူ (၅)ဦးအထိရှိနေပြီ ဖြစ်ကြောင်း သိရသည်။



ဆက်စပ်သတင်း

တာချီလိတ်မြို့တွင် အခြားအကြောင်းကိစ္စဖြင့် ဖမ်းဆီး စစ်ဆေးခံရသည့် အမျိုးသားတစ်ဦးကို Facebook ပေါ် သီချင်းတစ်ပုဒ် Share မှုဖြင့် ၅၀၅-က ဖြင့် အမှုဖွင့်