တောင်ကြီး မြို့မဈေးခေါင်း၏ နေအိမ် ဗုံးခွဲခံရ

တောင်ကြီး မြို့မဈေးခေါင်း၏ နေအိမ် ဗုံးခွဲခံရ
ဖေဖော်ဝါရီ 28, 2022 | ရှမ်းတောင်

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ စဝ်စံထွန်းဈေးအနီးရှိ  မြို့မဈေးခေါင်း၏ နေအိမ်တွင် ယနေ့ ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၂၈) ရက်နေ့ ည (၆)နာရီဝန်းကျင်က ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် တောင်ကြီးမြို့တွင်း ပိတ်ဆို့စစ်ဆေးမှုများ ရှိနေကြောင်း သိရသည်။

နှစ်လုံးပစ်တာ ပထမတစ်လုံးက မကွဲဘူး။ ဒုတိယတစ်လုံးကွဲတာ။ အိမ်အဖီကိုထိပြီး အမိုးပွင့်သွားတယ်။ ဆိုင်ကယ်တစ်စီး ထိတယ်။ လူတော့ မထိဘူး

ဟု တောင်ကြီး ဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။

ဗုံးခွဲသည့် နေအိမ်မှာ မြို့မဈေးခေါင်းဖြစ်သူ ဦးခင်အေး၏ နေအိမ်ဖြစ်ပြီး ၎င်းသည် ဈေးဌာနစိတ်တာဝန်ခံထက် အာဏာပိုကြီးသည်ဟု ဒေသခံများက ဆိုသည်။

ဗုံးပေါက်တာက ဈေခေါင်းအိမ်။ ဈေးခေါင်း ဦးခင်အေးက ဈေးခေါင်းလုပ်တာ နှစ်ပေါင်းမနည်းတော့ဘူး လူကြီး တပည့်အရင်းမှ ဈေးခေါင်းနေရာ ရတာ၊  ဘာပြောပြောသူပြီးမှ ပြီးတာ။ ပြည်သူမုန်းရင် ဈေးခေါင်းပဲ။ မနက်ဖြန် တောင်ကြီးမှာ စည်ပင်လေလံရှိတယ် အဲ့ဒါကြောင့် ခွဲတာနေမယ်

ဟု ဒေသခံတစ်ဦးက ပြောသည်။



ပေါက်ကွဲမှု ဖြစ်ပွားသည်နှင့် အာဏာသိမ်းစစ်ကောင်စီတပ်နှင့်ရဲများ ရောက်လာကာ အနီးဝန်းကျင်ကို စစ်ဆေးမှုများ လုပ်ခဲ့ပြီး  ရှုခင်းသာပန်းခြံအနီး အပါအဝင် ဧရာဝတီလမ်းဆုံ၊ အမှတ် (၁)ရဲစခန်းရှေ့၊  စဝ်စံထွန်းစျေးထိပ် နှင့် ဝါးပြားလမ်းဆုံတို့တွင် စစ်ဆေးနေကြောင်း သိရသည်။

အဆိုပါ ပေါက်ကွဲမှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကိုတော့ အတည်မပြုနိုင်သေးပေ။

တောင်ကြီးမြို့တွင် မတ်လ(၁)ရက်နေ့၌  စည်ပင်၏ ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေး လုပ်ငန်းလိုင်စင်များနှင့် သားသတ်လုပ်ငန်းများအား ဈေးပြိုင်လေလံပစ်ပွဲလည်းရှိသည်ဟု သိရသည်။