ကရင်နီပြည်နယ်အတွင်း သတင်းထောက်နှစ်ဦးနှင့် ကျောင်းသူတစ်ဦး ဖမ်းဆီး ရိုက်နှက်ခံရမှု အမှုမှန်ပေါ်ပေါက်ရေး KSP နှင့်အတူ KNDF က ပူးပေါင်းဆောင်ရွက်မည်

ကရင်နီပြည်နယ်အတွင်း သတင်းထောက်နှစ်ဦးနှင့် ကျောင်းသူတစ်ဦး ဖမ်းဆီး ရိုက်နှက်ခံရမှု အမှုမှန်ပေါ်ပေါက်ရေး KSP နှင့်အတူ KNDF က ပူးပေါင်းဆောင်ရွက်မည်
ဖေဖော်ဝါရီ 27, 2022 | ကယား
By Tachileik News Agency

ကရင်နီ(ကယား)ပြည်နယ်အတွင်း တော်လှန်ရေးအဖွဲ့ တစ်ဖွဲ့ဖြစ်သည့် KGZ က သတင်းထောက်(၂)ဦးနှင့် ကျောင်းသူ (၁)ဦးတို့ကို ဒလန် သံသယဖြင့် ဖမ်းဆီးရိုက်နှက်သည့်အပြင် ငွေကြေးများယူဆောင်သွားသည်ဟု ကရင်နီပြည်ရဲတပ်ဖွဲ့ (KSP)ထံ တိုင်ကြားထားသည့် ကိစ္စကို အဖြစ်မှန်ပေါ်ပေါက်ရေးနှင့် တရားမျှတမှုရရှိရေးအတွက် KSP နှင့်အတူ ပူးပေါင်းဆောင်ရွက်မည်ဟု KNDF က ယနေ့ ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၂၇) ရက်နေ့တွင် ထုတ်ပြန်ထားသည်။

KGZ နဲ့ ပတ်သက်တဲ့ကိစ္စတွေအားလုံးက ကျွန်တော်တို့ မူဝါဒနဲ့အညီ ဖြေရှင်းသွားမယ်။ လုပ်ထုံးလုပ်နည်းနဲ့အညီ ဖြေရှင်းသွားမယ်။ ကျွန်တော်တို့ စစ်ကောင်စီကို တိုက်တာချင်းအတူတူ ကျွန်တော်တို့တွေကတော့ ဒီထက်ကြီးမားတဲ့ ကွဲအက်မှုမျိုးတွေ ကျွန်တော်တို့ကတော့ လုပ်ဆောင်သွားမှာမဟုတ်ဘူး။ ကျွန်တော်တို့ ဝိုင်းကြိုးစားကြမယ်ဆိုတာတော့ အတိအလင်းပြောချင်တယ်

ဟု KNDF ၏ ပြန်ကြားရေးတာဝန်ခံ မျက်မှန်က Tachileik News Agency သို့ ပြောသည်။

ဒီးမော့ဆိုမြို့၊ ကုန်းသာရွာတွင် စစ်ဘေးရှောင်နေသည့် DVB အကြီးတန်းသတင်းထောက် ခွန်ဇော်ဦး၊ Myanmar Now သတင်းဌာန၏ အလွတ်တန်းသတင်းထောက် မမြတ်မိုးသူနှင့် စစ်ဘေးရှောင်ကျောင်းသူ မပွင့်မြတ်ဗိုလ်တို့ကို ဖေဖေါ်ဝါရီလ (၂၀) ရက်နေ့ည (၉)နာရီဝန်းကျင်တွင် Karenni Generation Z (KGZ)အဖွဲ့က ဖမ်းဆီးသွားပြီး ရိုက်နှက်စစ်ဆေးမှုများ လုပ်ဆောင်သည်ဟု ကရင်နီပြည်ရဲတပ်ဖွဲ့ထံ အဆိုပါ (၃)ဦးက လက်မှတ်ရေးထိုး တိုင်ကြားထားခြင်းဖြစ်သည်။

ဒီလိုပုံစံမျိုး နောက်ထပ်မကျူးလွန်ဖို့ ကျွန်တော်တို့က တောင်းဆိုချင်တာပါ။ လက်နက်ကိုင်ထားပြီးတော့ တစ်နိုင်ငံလုံးရဲ့ တော်လှန်ရေးကာလကြီးမှာ ဒီလိုပုံစံလုပ်တာကိုတော့ ကျွန်တော်တို့ လက်သင့်မခံနိုင်ပါဘူး။ ကျွန်တော်တို့ကို တောင်းပန်တယ် မတောင်းပန်ဘူးဆိုတာထက် နောက်ထပ် ဘယ်ပြည်သူကိုမှ ဒီလိုပုံစံမျိုး မဖြစ်စေချင်တဲ့အတွက် အများပြည်သူသိအောင် ပြောပြရုံပါပဲ

ဟု အလွတ်တန်းသတင်းထောက် မမြတ်မိုးသူက သတင်းမီဒီယာများသို့ ပြောကြားသည်။

ဒဏ်ရာရခဲ့သည့် DVB အကြီးတန်းသတင်းထောက် ခွန်ဇော်ဦး

ဖမ်းဆီးခံရသည့် (၁)နာရီကျော်အချိန်အတွင်း ကန်ကျောက်ရိုက်နှက်ခံရမှုများအပြင် မျက်နှာကို ဆေးလိပ်မီးဖြင့်တို့သည့် ဒဏ်ရာပါရခဲ့သည်ဟု DVB အကြီးတန်းသတင်းထောက် ခွန်ဇော်ဦးက ဆိုသည်။

အဆိုပါ တိုင်ကြားမှုတွင် ဖမ်းဆီးသည့်အဖွဲ့က မမြတ်မိုးသူနှင့် မပွင့်မြတ်ဗိုလ်တို့ထံမှ ငွေကြေးနှင့် iphone တစ်လုံးတို့ကိုပါ ယူဆောင်ထားပြီး သွေးထွက်သံယိုဖြစ်အောင် ရိုက်နှက်သည်ဟု ဖေါ်ပြထားခြင်းကို KGZ အဖွဲ့က ငြင်းဆိုထားပြီး ကရင်နီပြည်ရဲတပ်ဖွဲ့တွင် အမှုဖွင့်တိုင်ကြားထားခြင်းအား ရှင်းလင်းသွားမည်ဟု ဆိုသည်။

ကျွန်တော်တို့က ဖြေရှင်းချက်လည်းရှိတယ်။ သက်သေအထောက်အထားလည်းရှိတယ်။ ကျွန်တော်တို့မှာ ပြည်သူပိုင်ပစ္စည်းလည်း မဖျက်ဆီးဖူးဘူး။ မယူဖူးဘူးဆိုတာ ကျွန်တော်တို့မှာ အကုန်လုံး ခိုင်ခိုင်လုံလုံရှိတယ်။ သူတို့ပြောထားတဲ့ သွေးထွက်သံယိုဖြစ်တယ်ဆိုတာ အဲဒါလုံးဝမှားတယ်။ iphone နဲ့ ပိုက်ဆံ သိန်း ၄၀ ကျွန်တော်တို့ ယူထားတယ်ဆိုတာလည်း လုံးဝမှားတယ်။ အဲဒါကို သူတို့ ပြန်ဖြေရှင်းဖို့လိုတယ်။

ဟု KGZ ၏ တာဝန်ခံက Tachileik News Agency သို့ ပြောသည်။

နယ်မြေအတွင်း လူစိမ်းဝင်လာသည်ဆိုသည့်သတင်းကြောင့်  KGZ အဖွဲ့က သွားရောက်စစ်ဆေးစဉ် သတင်းသမားများဖြစ်ကြောင်း အာမခံပေးမည့်သူ သို့မဟုတ် မည်သူမည်ဝါဖြစ်ကြောင်း အာမခံပေးမည့်သူ ရှိ၊မရှိ မေးမြန်းစဉ် ဖုန်းနံပါတ်ပေါင်းများစွာကို ခေါ်ယူခဲ့သော်လည်း ဖြေကြားမှုများမရှိကြသဖြင့် စခန်းသို့ခေါ်သွား၍ စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အနေဖြင့် သံသယရှိသည့် သတင်းသမား (၂) ဦးကို ကန်ကျောက်မှုများလုပ်ခဲ့သည်ဟု အဆိုပါတာဝန်ခံက ဆိုသည်။

ဘာပဲလုပ်လုပ် သိမ်သိမ်မွေ့မွေ့လေး ကိုင်တွယ်အလုပ်လုပ်ရင် ပိုကောင်းတာပေါ့နော်။ ဘာပဲပြောပြော အဖွဲ့အစည်းတစ်ခုရဲ့ လုပ်ရပ်က အများစုအပေါ် သက်ရောက်တာမျိုးတော့ ကျွန်တော်တို့က မလိုချင်ဘူးပေါ့လေ။

ဟု ဖမ်းဆီးခံရသူ (၃) ဦးအတွက် အာမခံပြီး KGZ ထံမှ သွားရောက်ခေါ်ဆောင်ပေးခဲ့သည့် ဒီးမော့ဆို PDF မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency သို့ ပြောသည်။

ကရင်နီ(ကယား)ပြည်နယ်တွင် တော်လှန်ရေးကာလအတွင်း CDM ရဲများဖြင့် ဖွဲ့စည်းထားသည့် ကရင်နီပြည်ရဲတပ်ဖွဲ့က တရားဥပဒေစိုးမိုးရေးလုပ်ဆောင်နေပြီး KNDF နှင့် KA အဖွဲ့များတွင် ဒလန် သံသယရှိသူများအပါအဝင် ဖမ်းဆီးထိန်းသိမ်းခြင်းဆိုင်ရာ မူဝါဒကို ခိုင်ခိုင်မာမာချမှတ်ကျင့်သုံးနေကာ ဒေသတွင်း တော်လှန်ရေးအဖွဲ့အစည်းများ ညှိနှိုင်းလုပ်ဆောင်မှုများရှိနေကြသော်လည်း ယခုဖြစ်ရပ်မှာ မူဝါဒနှင့်ဆန့်ကျင်နေသည့်အတွက် KGZ သည် သီးခြားအဖွဲ့ဖြစ်ကြောင်းကို ထုတ်ဖေါ်ကြေညာခဲ့ခြင်းဖြစ်သည်ဟု KNDF တာဝန်ရှိသူက ဆိုသည်။

ကရင်နီပြည်မှာကတော့ စစ်ရေးဆိုင်ရာကိစ္စတွေလုပ်နေရင်း တစ်ပြိုင်တည်းမှာပဲ  တရားဥပဒေစိုးမိုးရေးကိစ္စကိုလည်း Karenni State Police - KSP ( ကရင်နီပြည်ရဲတပ်ဖွဲ့ )က အမြဲတမ်း ဖြေရှင်းပေးနေတဲ့ဟာတွေရှိတယ်။ အခုလို ပေါ်ပေါ်တင်တင်မျိုးတွေ ကျွန်တော်တို့ ထုတ်ဖေါ်ပြောလေ့မရှိပေမဲ့ ဒီဖြစ်စဉ်ကတော့ ကျွန်တော်တို့ရဲ့ မူဝါဒနဲ့ တော်တော်ကို ဆန့်ကျင်နေတဲ့အတွက် လူသိရှင်ကြား ထုတ်ဖေါ်ဖြေရှင်းလိုက်တဲ့သဘောမျိုး ဖြစ်သွားတာပေါ့နော်။ ကျွန်တော်တို့ KNDF နဲ့ KA ရဲ့ မူဝါဒမှာ ဒလန်လို့စွပ်စွဲခံရသူတွေကို ဖမ်းဆီးလို့ရတယ်။ ညှင်းပန်းနှိပ်စက်ခြင်း လုံးဝပြုလို့မရဘူး။ သတ်ဖြတ်ခြင်းလည်း လုံးဝလုပ်လို့မရဘူး။ ဥပဒေနဲ့အညီ လူ့ဂုဏ်သိက္ခာနဲ့အညီဖြေရှင်းကြတဲ့ မူဝါဒတွေ အခိုင်အမာရှိထားတယ်။ ကျွန်တော်တို့က ဒလန်လို့ ယူဆသူတွေကို ဖမ်းဆီးပြီး KSP ကို အပ်ရပါတယ်။

ဟု KNDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

KGZ အဖွဲ့ကလည်း ၎င်းတို့အနေဖြင့် ဒလန်ဟု သံသယရှိသူများကို ဖမ်းဆီးစစ်ဆေးပြီးပါက KSP သို့ အပ်နှံရသည့် လုပ်ထုံးလုပ်နည်းများရှိသည်ဟု ဆိုထားသည်။

 ဒလန်လို့ သံသယရှိရင် ကျွန်တော်တို့ သွားခေါ်ပြီး စစ်ဆေးမေးမြန်းတယ်။ သူတို့ကို အာမခံမယ့်သူမရှိဘူးဆိုရင် KSP အပ်ပေးတယ်။ ဒါက ကျွန်တော်တို့ လုပ်ထုံးလုပ်နည်းပေါ့နော်။ တော်တော်များများက KSP ကိုအပ်ပေးတယ်။ အဲဒီနေ့ညက မအပ်သေးတာကလည်း တိုက်ပွဲဖြစ်နေတဲ့နယ်မြေအခြေအနေကြောင့်ပါ။ အကယ်၍ နောက်တစ်ရက်ထပ်ပြီး ထိန်းသိမ်းထားတယ်ဆိုရင် KSP အပ်ဖို့ရှိတယ်။

ဟု KGZ ၏ တာဝန်ခံက ဆိုသည်။

အာဏာသိမ်းစစ်ကောင်စီက ၎င်းတို့အား ဆန့်ကျင်သူဟု ယူဆသူမှန်သမျှကို ဥပဒေမဲ့ဖမ်းဆီး အကြမ်းဖက်ခြင်းများကြောင့် တော်လှန်ရေးအင်အားစုများက စစ်အာဏာရှင်သတင်းပေးများ ဖေါ်ထုတ်ရှင်းလင်းရာတွင် ကရင်နီ(ကယား)ပြည်နယ်၌ လူ့အခွင့်အရေးနှင့်အညီ စိစစ်ထိန်းသိမ်းခြင်းအား မူဝါဒချမှတ်လုပ်ဆောင်နေသည်ကို တွေ့ရသည်။