ဒီးမော့ဆိုမြို့နယ်အတွင်း အရှေ့ဖက်ခြမ်း တိုက်ပွဲတွင် PDF တစ်ဦးကျဆုံးပြီး ပရဟိတသမား တစ်ဦးလည်း လက်နက်ကြီးထိမှန်ပြီး ကျဆုံး

ဒီးမော့ဆိုမြို့နယ်အတွင်း အရှေ့ဖက်ခြမ်း တိုက်ပွဲတွင် PDF တစ်ဦးကျဆုံးပြီး ပရဟိတသမား တစ်ဦးလည်း လက်နက်ကြီးထိမှန်ပြီး ကျဆုံး
ဇွန် 12, 2021 | ကယား

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့၏ အရှေ့ဖက်ခြမ်းတွင် ဇွန်လ (၁၁)ရက်နေ့ညနေပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်(PDF)များ နှင့် အကြမ်းဖက်စစ်ကောင်စီတို့အကြား ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် PDF တပ်ဖွဲ့ဝင် (၁)ဦးကျဆုံးခဲ့ပြီး ပရဟိတလုပ်ကိုင်နေသူ ဒေသခံရွာသားတစ်ဦး လက်နက်ကြီးထိမှန် ကျဆုံးခဲ့ကြောင်းသိရသည်။ 

ဇွန်လ (၁၁)ရက်နေ့ နေ့လည် (၂)နာရီကျော် အချိန်မှစ၍ ညပိုင်းအထိ ဒီးမော့ဆိုမြို့ အရှေ့ဖက်ခြမ်းတွင် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် နယ်မြေကျူးကျော်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်များ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး PDF တပ်ဖွဲ့ဝင် (၁)ဦးကျဆုံးခဲ့ကာ (၂)ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒီးမော့ဆိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မှ သတင်းထုတ်ပြန်ထားသည်။ 

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ရမ်းသမ်းပစ်ခတ်မှုများကြောင့် လက်နက်ကြီး ကျည်ထိမှန်ကာ စစ်ဘေးရှောင်ပြည်သူများအား ကူညီစောင့်ရှောက်ရေး လုပ်ကိုင်နေသူ ဒေသခံ ပရဟိတသမား တစ်ဦးပါ ကျဆုံးခဲ့ရကြောင်း သိရသည်။ 

သူက တောက်လျှောက် စစ်ရှောင်တွေအတွက် အကူညီပေးနေသူပေါ့။ သောက်သုံးရေတွေ အလှူပစ္စည်းတွေကို သယ်ယူပို့ဆောင်ရေးပေါ့ သူကိုယ်တိုင် ကားမောင်းပြီး ပို့ပေးတာမျိုးလုပ်နေတဲ့သူပါ။ မနေ့ညက သူ့ရွာမှာပဲ လက်နက်ကြီး ထိပြီး ဆုံးသွားတာပေါ့။ ကျွန်တော်တို့ တောင်းဆိုချင်တာက စစ်တပ်အနေနဲ့ အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား လိုက်တိုက်ခိုက်နေတာတွေ ရပ်တန့်ပေးပါ။ ကျွန်တော်တို့ အိုးအိမ်တွေ စွန့်ခွာပေးခဲ့ပါပြီ။ ကျွန်တော်တို့ အသက်ရှင်ခွင့်တော့ လူသားဆန်ဆန်ပေးပါလို့တောင်းဆိုချင်တယ်။

ဟု သေဆုံးသူပရဟိတသမားနှင့်နီးစပ်သူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။ 

ဇွန်လ (၁၁)ရက်နေ့က ဒီးမော့ဆိုမြို့ အရှေ့ဖက်ခြမ်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် အနီးနားရှိ စစ်ဘေးရှောင်ပြည်သူများမှ အလျှင်အမြန် နေရာပြောင်းရွေ့ ထွက်ပြေးခဲ့ကြရပြီး ကျေးရွာအချို့တွင် နေအိမ်များ လက်နက်ကြီးထိမှန်၍ ပျက်ဆီးဆုံးရှုံးခဲ့သလို အကြမ်းဖက် စစ်ကောင်စီဖက်မှ လက်နက်ကြီးများ နေ့စဥ် အသုံးပြုကာ လူနေအိမ်များကို ပစ်ခတ်နေကြောင်း သိရသည်။ 

ဇွန်လ (၁၁)ရက်နေ့ နံနက်ပိုင်းကလည်း ရိက္ခာပြန်ယူသော စစ်ရှောင်ဒေသခံ အမျိုးသား (၂)ဦးအား  အကြမ်းဖက် စစ်ကောင်စီဖက်မှ ပစ်ခတ် သတ်ဖြတ်ခဲ့ပြီး ကယားပြည်နယ်အတွင်း စစ်ရှောင်အများဆုံးရှိသည့် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ စစ်ဘေးခိုလှုံရာ နေရာများအထိပါ စစ်ကောင်စီတပ်များမှ လိုက်လံ ပစ်ခတ်လျှက်ရှိကြောင်း သိရသည်။ 

ဇွန်လ (၁၁)ရက်နေ့ ဒီးမော့ဆိုမြို့ အရှေ့ဖက်ခြမ်း တိုက်ပွဲတွင် စစ်ကောင်စီဖက်မှလည်း အင်အားအလွန်အကျွံအသုံးပြု၍ လက်နက်ကြီးများပစ်ခတ် တိုက်ခိုက်ခဲ့သလို လွိုင်ကော်အခြေစိုက် အမြှောက်တပ်မှလည်း တာဝေးပစ်အမြှောက်များ ဒီးမော့ဆိုဖက်သို့ ပစ်ခတ်မှုရှိခဲ့ပြီး စစ်ကောင်စီဖက်မှလည်း ထိခိုက်ကျဆုံးမှုများရှိနိုင်ပြီး တိုက်ပွဲ နှင့်ပက်သက်၍ အသေးစိတ်ကို ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF က သတင်းထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရသည်။

Photo: CJ