ရခိုင်ပြည်နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်နှင့် တိုက်ပွဲများ အချိန်မရွေးပြန်ဖြစ်နိုင်ကြောင်း AA သတိပေး

ရခိုင်ပြည်နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်နှင့် တိုက်ပွဲများ အချိန်မရွေးပြန်ဖြစ်နိုင်ကြောင်း AA သတိပေး
By Tachileik News Agency

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ အချိန်မရွေးပြန်ဖြစ်လာနိုင်သဖြင့် အာဏာသိမ်းစစ်တပ် သွားလာလှုပ်ရှားသည့် နေရာများကို သတိထားရှောင်ရှားကြရန် ရက္ခိုင့်တပ်တော်(AA)က ၂၀၂၂ ခုနှစ်၊ မေလ(၁၅)ရက်နေ့တွင် ရခိုင်ပြည်သူများကို သတိပေးချက်ထုတ်ပြန်သည်ကို တွေ့ရသည်။

ဒေသခံများအနေဖြင့် အာဏာသိမ်းစစ်ကောင်စီတပ်များ သွားလာလှုပ်ရှားနေသည့်နေရာများ၊ အထိုင်ချနေထိုင်နေခဲ့သောနေရာများ၊ တပ်စခန်းအနီးပတ်ဝန်းကျင်များသို့ သွားလာခြင်းများကို အထူးသတိထားရှောင်ကြဉ်ကြရန် သတိပေးထားခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်များသည် ရက္ခိုင်ဒေသအတွင်း စစ်အင်အားများကို နေရာအနှံ့ ထပ်မံတိုးချဲ့နေခြင်း၊ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်၏ တရားစီရင်ရေး၊ အခွန်ကောက်ခံရေး၊ အုပ်ချုပ်ရေးများတွင် အနှောင့်အယှက်ပေးခြင်းတို လုပ်ဆောင်နေသည့်အပြင် အဆိုပါကဏ္ဍများတွင် တာဝန်ထမ်းဆောင်နေသော AA ၏ တရားရေးဝန်ထမ်းများကို ဖမ်းဆီးရန်ကြိုးစားခြင်း၊ ခြိမ်းခြောက်ခြင်း၊ တရားရုံးများကို စစ်ကောင်စီတပ်က နှောင့်ယှက်ခြင်း၊ အမှုအခင်းများတွင် ပါဝင်သူများအား ခြိမ်းခြောက်ခြင်း၊ ရခိုင် - မူဆလင်အကြား သဟဇာတဖြစ်နေမှုအပေါ် ပျက်စီးရန်ကြိုးစားခြင်းတို့ကို လုပ်ဆောင်နေကြောင်း ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

စစ်ကောင်စီတပ်များ စခန်းချရာနေရာများအနီး သွားလာ၍ ထိခိုက်ဒဏ်ရာရသူများလည်းရှိနေပြီး မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာ‌ဒေသခံ ဦးအောင်သာထွန်းသည် မေလ (၁၅) ရက်နေ့ နံနက်ပိုင်းက ပန်းမြောင်းမှ (၄) မိုင်ခန့်ကွာဝေးသည့် ၎င်း၏ လယ်ကွင်းအနီးရှိ တောစပ်၌ စစ်ကောင်စီတပ်ဖက်မှ တိုက်ပွဲကာလများအတွင်း ထောင်ထားခဲ့သော မြေမြှုပ်မိုင်းနင်းမိ၍ အသက်သေဆုံးမှုဖြစ်ပွားခဲ့ရကြောင်း သိရသည်။

ယင်းအပြင် မေလ (၁၄) ရက်နေ့ကလည်း အမ်းမြို့နယ်၊ ဒါးလက်မြောက်ကျေးရွာအနီးရှိ သီဟိုဠ်သရက်ခင်းအတွင်း စစ်ကောင်စီတပ် ထောင်ထားခဲ့သော မြေမြှုပ်မိုင်းနင်းမိ၍ ဦးသန်းမင်းနိုင်ဆိုသည့် ဒေသခံအမျိုးသားတစ်ဦး အသက်သေဆုံးခဲ့ရသည်ဟု သိရသည်။

၎င်းမိုင်းနင်းမိသော နေရာမှာ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလအထိ တိုက်ပွဲကာလအတွင်း မြန်မာစစ်တပ်၏ တပ်မ (၆၆) စခန်းချနေထိုင်ခဲ့သည့် နေရာဖြစ်ကြောင်း သိရသည်။

မေလ (၁၁) ရက်တွင်လည်း ကျောက်တော်အခြေစိုက် မြန်မာစစ်တပ်၏ ခမရ (၃၇၅) တပ်ရင်းထဲမှ တပ်စခန်း ပတ်လည်အနီး ထောင်ထားသော မိုင်းများပေါက်ကွဲပြီး ထိတ်လန့်မှုကြောင့် ခမရ (၃၇၅) အတွင်းမှ တပ်ဖွဲဝင်အချင်းချင်း ပစ်ခတ်တိုက်ခိုက်မှုအချို့ရှိခဲ့သည်ဟု သိရသည်။