သူလျှိုလွှတ်ထားသည့် (၂)ဦးက  သာကြီးတောင်ရေနံမြေရဲစခန်းကနေ သေနတ်(၃)လက်နှင့် ကျည်များ ယူဆောင်လာနိုင်ခဲ့၍ ငွေကျပ်သိန်း(၁၀၀)ချီးမြှင့်

သူလျှိုလွှတ်ထားသည့် (၂)ဦးက  သာကြီးတောင်ရေနံမြေရဲစခန်းကနေ သေနတ်(၃)လက်နှင့် ကျည်များ ယူဆောင်လာနိုင်ခဲ့၍ ငွေကျပ်သိန်း(၁၀၀)ချီးမြှင့်

 မကွေးတိုင်း မြိုင်မြို့နယ် ကမ္မတိုက်နယ် သာကြီးတောင်ရေနံမြေရဲစခန်းမှ သေနတ်(၃)လက်ယူကာ ထွက်ပြေးလာနိုင်ခဲ့သည့် သူလျှို ရဲဘော်(၂)ဦးကို မြိုင်ပကဖက ငွေကျပ်သိန်း(၁၀၀)ချီးမြင့်ကြောင်း သိရသည်။

တော်လှန်ရေးတပ်ဘက်က  စနစ်တကျသင်တန်းပေးထားသော သူလျှို ရဲဘော်(၂)ဦးသည် ၂၀၂၄ ခုနှစ် မတ်လ(၁၃)ရက်နေ့ ညနေပိုင်းက အဆိုပါရဲစခန်းမှ BA 63 (G3) သေနတ် (၃)လက်နှင့် BA 94 ( Uzi)တို့အား ယူဆောင်၍ ထွက်ပြေးလာစဉ် နောက်မှ လိုက်လံပစ်ခတ်သောကြောင့် BA 94 (Uzi)သေနတ်မှာ ပြုတ်ကျကျန်ခဲ့သဖြင့် သေနတ် (၃)လက် နှင့် ကျည်များသာ ရရှိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

"သူလျှိုရဲဘော်က ပြည်သူလိုပုံစံမျိုးနဲ့ ခွေးတွေနဲ့ ရောနှောဆက်ဆံခိုင်းထားတဲ့ရဲဘော်ကို ပြောတာပါဗျ။ စခတွေ အယုံကြည်ရှိအောင် ပူးပေါင်းခိုင်းထားတဲ့ ရဲဘော်ပါ။ သာကြီးတောင်စခန်းမှာ ခွေးတွေဆီကို ပြည်သူပုံစံနဲ့ သူတို့လူဟန်လုပ်ပြီးနေတဲ့ ရဲဘော်ပါ။ ဒီမစ်ရှင် လုပ်ဖို့ (၃)လလောက် အချိန်ယူခဲ့ရပါတယ်။"ဟု မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၁)မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကို ပြောသည်။

အဆိုပါ သူလျှိုရဲဘော်သည် သေနတ်များထမ်းယူလာရာ စစ်ကောင်စီတပ်သားများနောက်မှ လိုက်လံပစ်ခတ်သဖြင့် တော်လှန်ရေးတပ်များ၏ ကာကင်းမှ ပြန်လည်ပစ်ခတ်‌ပေးခဲ့ခြင်း‌ကြောင့် အထိအခိုက်မရှိ ဘေးကင်းရာသို့ ရောက်ရှိခဲ့သည်ဟု ဆိုသည်။

ရရှိလာသည့် လက်နက်များမှာ BA 63 (G3) သေနတ်(၃)လက် ၊ ကျည်ဘောက်(၅)ခု (၇.၆၂)(G3) ကျည်(၈၀)တောင့်တို့ဖြစ်ကြောင်း သိရသည်။

ယခုလုပ်ဆောင်မှုတွင် ပါဝင်သော တပ်ဖွဲ့နှစ်ဦးမှာ မြိုင် ပကဖတပ်ဖွဲ့ ဝင်နှင့် ကမ္မ Oxygen တပ်ဖွဲ့မှ ရဲဘော်တို့ ဖြစ်ကြောင်း သိရသည်။