ရှမ်း - ကယားနယ်စပ်၏ (၂)ရက်တာတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ စနိုက်ဘာ ပစ်ခတ်မှုတွင် စစ်ကောင်စီတပ်သား (၉)ဦး သေဆုံး

Photo: အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့
Photo: အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့
 ရှမ်း - ကယားနယ်စပ်၏ (၂)ရက်တာတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ စနိုက်ဘာ ပစ်ခတ်မှုတွင် စစ်ကောင်စီတပ်သား (၉)ဦး သေဆုံး
ဖေဖော်ဝါရီ 19, 2022 | ကယား

ရှမ်း - ကရင်နီ(ကယား)နယ်စပ်  မိုးဗြဲတိုက်ပွဲ၏ (၂)ရက်တာအတွင်း စနိုက်ဘာအဖွဲ့များ၏ ခုခံပစ်ခတ်မှုများတွင် စစ်ကောင်စီတပ်ဘက်က (၉)ဦး သေဆုံးပြီး (၁)ဦး ပေါင်ထိမှန်သွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့က ဖေဖော်ဝါရီလ(၁၈)ရက်နေ့ ညပိုင်းက သတင်းထုတ်ပြန်ထားရှိသည်။

စစ်ကောင်စီတပ်ဘက်က (၉)ဦး သေဆုံးပြီး (၁)ဦး ပေါင်ထိမှန်သွားသည့် အရေအတွက်မှာ စနိုက်ဘာအဖွဲ့၏ သီးသန့် ပစ်ခတ်မှုသာဖြစ်ပြီး ကျန်ပစ်ခတ်မှုများကြောင့် စစ်ကောင်စီတပ်ဘက်က သေဆုံးသူများပြားကြောင်း သိရသည်။

၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၁၇)ရက်နေ့မှ (၁၈)ရက်နေ့အထိ ခုခံစစ်အတွင်း စနိုက်ဘာအဖွဲ့များ၏ ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဘက်က ထိမှန်သေဆုံးမှုများရှိသလို ပြည်သူ့ကာကွယ်ရေးအဖွဲ့များဘက်ကလည်း ကျဆုံးမှုများရှိခဲ့သည်။

အဆိုပါ တိုက်ပွဲ၌ တကယ်တမ်းတွင် နှစ်ဖက် အထိနာနေပြီး စစ်ကောင်စီတပ်ဘက်မှ ဖေဖော်ဝါရီလ(၁၈)ရက်နေ့ညပိုင်းက တင့်ကားများ တင်လာသည့် တွဲကားများ အပါအဝင် စစ်ကား အစီး(၆၀)ကျော်သည်လည်း ကရင်နီ(ကယား)ပြည်ဘက်သို့ ဦးတည်လာနေကြောင်းလည်း သိရသည်။

ရှမ်း - ကရင်နီ(ကယား)နယ်စပ် မိုးဗြဲကို အာဏာသိမ်း စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့်  ထိုးစစ်ဆင်လာသည့်အတွက်  ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့အပါအဝင်  ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆို(DMO PDF)၊ မိုးဗြဲ PDF၊ လွိုင်ကော် PDF၊ ဖယ်ခုံ PDF၊ KA ၊ KNDF၊ KGZ ၊JPDF ၊GZ-21 ၊ အင်းလေးဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(I.P.D.F) နှင့် အခြား မဟာမိတ်တပ်ပေါင်းစုများ ပူးပေါင်းပြီး ခုခံတိုက်ခိုက်နေကြခြင်းဖြစ်ရာ စစ်ကောင်စီတပ်ဘက်က ကုန်းကြောင်း နှင့် လေကြောင်းပါ ပူးတွဲပြီး ပစ်ခတ်တိုက်ခိုက်နေသလို  မြေပြင်တွင် အထိနာနေသည့် အာဏာသိမ်းတပ်က အင်အားအလုံးအရင်း ထပ်မံဖြည့်တင်းနေသည်ဟု သိရသည်။

အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ဆန့်ကျင်သည့် ပြည်သူများအား နိုင်ငံ့ဘတ်ဂျက်ဖြင့် တည်ဆောက်ထားသည့် စစ်တပ်၏ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် ရရာလက်နက်ကိုင်သည့် ပြည်သူ့တော်လှန်ရေးတစ်ရပ် ပေါ်လာခြင်းဖြစ်ရာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုက်ပွဲရှောင်ပြည်သူများဘဝများကို မငဲ့ဘဲ လေကြောင်းတိုက်ခိုက်မှုများဖြင့် နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေခြင်လည်းးဖြစ်သည်။