ကယား (ကရင်နီ)ပြည်နယ်တွင်း တစ်ရက်တာတိုက်ပွဲတွင် အာဏာသိမ်းစစ်တပ်ဘက်က (၄)ဦးသေ

ကယား (ကရင်နီ)ပြည်နယ်တွင်း တစ်ရက်တာတိုက်ပွဲတွင် အာဏာသိမ်းစစ်တပ်ဘက်က (၄)ဦးသေ
အောက်တိုဘာ 4, 2021 | ကယား

 ကယား (ကရင်နီ)ပြည်နယ်အတွင်း ဖရူဆို၊ ဖားဆောင်းနှင့် ဘောလခဲကို အင်အားဖြည့်ရန်ကြိုးစားနေသည့် အာဏာသိမ်းတပ်နှင့် ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF) ပူးပေါင်းအဖွဲ့တို့  ယနေ့ ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၄) ရက်နေ့တွင် ဖြစ်ပွားသည့် တိုက်ပွဲများအတွင်း အာဏာသိမ်းစစ်တပ်ဘက်မှ (၄) ဦးသေပြီး ကားတစ်စီးပျက်သွားကြောင်း သိရသည်။

လွိုင်ကော်မှ ဒီးမော့ဆိုမြို့နယ်ဘက်သို့ ဉီးတည်လာသည့် အာဏာသိမ်းအဖွဲ့၏ စစ်တပ်ယာဉ် (၃၅)စီးပါသည့်ယာဉ်တန်းကို ညနေ (၅)နာရီအချိန်တွင် ကရင်နီတပ်မတော် (KA)၊ KNDF ပူးပေါင်းတပ်က  ဒီးမော့ဆိုမြို့နယ်၊ စံပြ(၆)မိုင်နှင့် (၅)မိုင် ကျေးရွာအကြားတွင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းအပြင် လွိုင်ကော်-ဒီးမော့ဆိုလမ်းမကြီး တစ်လျောက် လမ်းကင်းချထားသော အာဏာသိမ်းတပ်နှင့် ကရင်နီပူးပေါင်းတပ်များ နှစ်ဖက်ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ နေ့လယ် (၁)နာရီဝန်းကျင်က ဒေါပိုးစီတွင် တစ်ကြိမ်၊ ညနေ (၃)နာရီခွဲဝန်းကျင်တွင် ဒေါခလိုက်လင်းတွင် တစ်ကြိမ် တိုက်ပွဲဖြစ်ကြောင်း သိရသည်။

 အဆိုပါတိုက်ပွဲများအတွင်း အာဏာသိမ်းစစ်တပ်ဘက်မှ ကားတစ်စီးပျက်စီးခဲ့ပြီး  (၄) ဦးသေဆုံးသော်လည်း ကရင်နီပူးပေါင်းတပ်ဘက်တွင် ထိခိုက်ဒဏ်ရာမရှိကြောင်း သိရသည်။

#TachileikNewsAgency