လွိုင်ကော်မြို့နယ် မထောခူကျေးရွာအုပ်စုအနီး လက်နက်ငယ်များ ပစ်ခတ်ခဲ့

လွိုင်ကော်မြို့နယ် မထောခူကျေးရွာအုပ်စုအနီး လက်နက်ငယ်များ ပစ်ခတ်ခဲ့
ဇွန် 17, 2021 | ကယား

ကရင်နီ(ကယား)ပြည်နယ်အတွင်း လွိုင်ကော်မြို့နယ် မထောခူကျေးရွာအုပ်စု အနီးဝန်းကျင်တွင် ယနေ့ ဇွန်လ (၁၇)ရက်နေ့ ည (၈)နာရီ ကျော်အချိန်ခန့်က လက်နက်ငယ်များ ပစ်ခတ်ခဲ့ကြောင်း သိရသည်။ 

မထောခူအုပ်စု နားလေးမှာပဲ။ ပစ်တာတော့ လက်နက်ငယ်ပေါ့။ ဆယ်ချက်ကျော်လောက်ရှိတယ်။ ပစ်သွားတာ။ စစ်တပ်ထဲက ပစ်တာလားတော့ မသိဘူးပေါ့။ အဲ့ဖက်မှာ စစ်တပ်တွေလည်း ရှိတော့လေ ပစ်တာတော့ (၈)နာရီလောက်မှာ ပစ်တယ်။ မနက်ကလည်း အစောကြီး ပစ်သံကြားတယ်။

ဟု ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီ သို့ပြောသည်။

လွိုင်ကော် -လောပိတ သွားလမ်းမကြီးဘေးရှိ မထောခူကျေးရွာအုပ်စုအနီး ဇွန်လ (၁၇)ရက်နေ့ နံနက်အစောပိုင်းတွင်လည်း သေနတ်ပစ်ခတ်သံများ ကြားခဲ့ပြီး ညပိုင်း (၈)နာရီကျော်အချိန်ခန့်တွင် လက်နက်ငယ် (၁၀)ချက်နီးပါး ပစ်ခတ်ခဲ့ကြောင်း သိရသည် ။ 

ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF) နှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ ယာယီအပစ်ရပ်ကြောင်း ဇွန်လ (၁၅)ရက်နေ့တွင် ထုတ်ပြန်ထားသော်လည်း စစ်ကောင်စီမှ  ဇွန်လ (၁၆)ရက်နေ့ညတွင် စံပြ (၆)မိုင်ကျေးရွာအနီး လက်နက်ကြီးပစ်ခဲ့ပြီး ယနေ့ညပိုင်းတွင်လည်း မထောခူကျေးရွာအုပ်စုအနီး လက်နက်ငယ်များ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။