အာဏာသိမ်း  စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကျိုင်းတုံ ထီးတင်ပွဲသို့ လာရင်း တာချီလိတ်သို့ လာနိုင်ဖွယ်ရှိကြောင်း သတင်းထွက်

အာဏာသိမ်း  စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကျိုင်းတုံ ထီးတင်ပွဲသို့ လာရင်း တာချီလိတ်သို့ လာနိုင်ဖွယ်ရှိကြောင်း သတင်းထွက်
ဖေဖော်ဝါရီ 13, 2022 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့လယ်ရှိ မဟာမြတ်မုနိဘုရားကြီး နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် ပူဇော်ပွဲ နှင့် ထီးတော်တင်ပွဲသို့ လာရောက်မည့် အာဏာသိမ်း  စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တာချီလိတ်မြို့သို့လည်း လာရောက်နိုင်ဖွယ်ရှိကြောင်း သတင်းများ ထွက်ပေါ်နေသည်။

ကျိုင်းတုံထီးတင်ပွဲ လာရင်းနဲ့ တာချီလိတ်ကိုလည်း သွားဖြစ်ရင် သွားဖြစ်နိုင်တယ်။ အခြေအနေအရပဲ။ နဂါးနှစ်ကောင်ဆရာတော် ကျိုင်းတုံ မကြွဖြစ်ရင်တော့ တာချီလိတ်ကို သွားဖြစ်မယ်ထင်တယ်။ အပြောင်းအလဲရှိနိုင်လို့ အသေချာတော့ မပြောနိုင်သေးဘူး

ဟု သတင်းရင်းမြစ်တစ်ဦးက Tachileik News Agency သို့ ပြောသည်။

အာဏာသိမ်း  စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီးအပါအဝင် အဖွဲ့သည် ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၁၄)ရက်နေ့တွင် ကျိုင်းတုံမြို့သို့ ရောက်ရှိမည်ဟု သိရပြီး ဖေဖော်ဝါရီလ(၁၅)ရက်နေ့ နံနက်ပိုင်းတွင် မဟာမြတ်မုနိဘုရားကြီး နှစ်(၁၀၀)ပြည့် ထီးတော်တင်ပွဲသို့ တက်ရောက်မည်ဟု သိရသည်။

မဟာမြတ်မုနိဘုရားကြီး နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် ပူဇော်ပွဲ နှင့် ရွှေထီးတော်တင် ဗုဒ္ဓါဘိသေက အနေကဇာတင်အခမ်းအနားကို ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၁၅)ရက်နေ့ နံနက်(၇)နာရီမှ (၁၀)နာရီအထိ ကျင်းပမည်ဖြစ်ပြီး (၁၀)နာရီမှ (၁၁)နာရီခွဲအထိ နေ့ဆွမ်းဆက်ကပ်လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ကျိုင်းတုံမြို့ မဟာမြတ်မုနိဘုရားကြီးအတွင်းနှင့် အနီးဝန်းကျင်တို့တွင် အင်အားတိုးချဲ့ကာ လုံခြုံရေးစောင့်ကြည့်ထားသည်ဟု သိရသည်။