ကြံ့ကြံ့ခံနိုင်သူ ၊ ဒူပေနာပေ ခံနိုင်သူ

ကြံ့ကြံ့ခံနိုင်သူ ၊ ဒူပေနာပေ ခံနိုင်သူ
ဖေဖော်ဝါရီ 10, 2022 | ဆောင်းပါး| အတွေးအမြင်

🍀  ကြံ့ကြံ့ခံနိုင်သူ ၊ ဒူပေနာပေ ခံနိုင်သူ

🍀 ဒီကာလမှာ အားလုံး မျှော်လင့်မထားဖူးတဲ့ ခက်ခဲတဲ့အချိန်တွေကို ကျော်ဖြတ်နေကြရတယ်ဆိုတာ အားလုံးသိကြတဲ့အတိုင်းပါပဲ။

🍀 မကုန်ဆုံးနိုင်တဲ့ စိတ်ညစ်စရာတွေ၊ အခက်အခဲအတားအဆီးတွေ၊ စိန်ခေါ်ခြိမ်းခြောက်မှုတွေကို တစ်ချို့ကတော့ နင်လားဟဲ့ လောကဓံဆိုပြီး ဒူပေနာပေခံပြီး ကျော်ဖြတ်ပြီး ဘဝရဲ့လုပ်စရာတွေကို လုပ်နေကြသလို တစ်ချို့လည်း ဘဝကို အရှုံးပေးလို့ ပြိုလဲချင်စိတ်တွေ ဖြစ်နေတတ်ကြပါတယ်။ 

🍀 တကယ်တော့လည်း အခက်အခဲတွေဆိုတာ ပြဿနာတွေမဟုတ်ကြဘဲ အခက်အခဲတွေကို မဖြေရှင်းမှသာ ပြဿနာတွေဖြစ်စေတာကို နှလုံးသွင်းရင်း ဒီလိုအခက်အခဲတွေကို  ကြံ့ကြံ့ခံနိုင်သူ (ဒူပေနာပေခံတဲ့သူ)ဖြစ်ဖို့ လေ့ကျင့်တည်ဆောက်နိုင်ကြပါတယ်။

🍀 လောကဓံအနိမ့်အမြင့်ကို ခံနိုင်ရည်ဆိုတာ ဒေါက်တိုင်လေးခုနဲ့ ထောက်မထားတယ်လို့ ပြောရမယ်ထင်ပါတယ်။

🍀 ရုပ်ပိုင်းဆိုင်ရာကြံ့ကြံ့ခံနိုင်ခြင်း 

    

 သတိနဲ့နေ၊ သတိနဲ့သွား၊ သတိနဲ့စားဆိုသလို ကိုယ်ခန္ဓာကျန်းမာနေဖို့ မျှတစွာ နေထိုင်စားသောက်မှုလုပ်တာကလည်း လူတွေရဲ့ ခံနိုင်ရည်ကို အားကောင်းစေပါတယ်။  ရနိုင်တဲ့အစားအသောက်ကို ကျန်းမာရေးအတွက် မျှတအောင်နဲ့ နေ့စဉ်နေထိုင်မှုမှာ ကိုယ်လက်လှုပ်ရှားမှုလုံးဝမရှိသလောက် ငြိမ်နေတာမျိုးထက် ကာလဒေသနဲ့သင့်လျော်တဲ့ လှုပ်ရှားမှုလေးတွေ လုပ်ပေးတာက ခန္ဓာကိုယ်ကြံ့ခိုင်စေမှာဖြစ်ပါတယ်။ ဒီလိုဆိုရင်တော့ ထိခိုက်ဒဏ်ရာရ၊ နေမကောင်းတာတွေကို ခန္ဓာကိုယ်က ကြံ့ကြံ့ခိုင်နိုင်စွမ်းရှိစေမှာဖြစ်ပါတယ်။

🍀 စိတ်ပိုင်းဆိုင်ရာ ကြံ့ကြံ့ခံနိုင်ခြင်း

နေ့စဉ်နဲ့အမျှ ကြုံတွေ့လာရတဲ့အပြောင်းအလဲတွေကို လက်ခံပြီး လိုက်လျောညီထွေ ပြောင်းလဲနိုင်တဲ့  စိတ်ဓာတ်ကြံ့ခိုင်မှု ရှိနေဖို့လိုပါတယ်။ ကိုယ်ရင်ဆိုင်နေရတဲ့ ပြဿနာ၊ အပြောင်းအလဲဟာ ရှောင်ပြေးနေလို့ လွတ်မြောက်သွားမှာ မဟုတ်တဲ့အခါ ဘာတွေဖြစ်နေသလဲဆိုတာ မြင်အောင်ကြည့်ပြီး ကိုယ့်အနေနဲ့ အကောင်းဆုံးရင်ဆိုင်ရမှာပဲလို့ နှလုံးသွင်းထားခြင်းက စိတ်ဓာတ်ကြံ့ခိုင်မှုကို အားကောင်းစေပါတယ်။ အခက်အခဲတွေကို ရင်ဆိုင်ဖြတ်သန်းနေရချိန်မှာ ဝမ်းနည်းပူဆွေးဆုံးရှုံးရတာတွေကို တနုံ့နုံ့ပြန်လို့ စဉ်းစားနေတာထက် ဖြတ်ကျော်ခဲ့တဲ့ အခက်အခဲထဲက ကိုယ့်အနေနဲ့ လုပ်နိုင်ခဲ့တာလေးတွေကို ပြန်တွေးတာ၊ လက်တွေ့အခြေအနေကနေ ပိုကောင်းတဲ့အခြေအနေဖြစ်အောင် ကိုယ်လုပ်နိုင်တဲ့ နည်းလမ်းတွေကို ဘက်စုံထောင့်စုံကနေ တွေးကြည့်တာမျိုးက စိတ်ပိုင်းဆိုင်ရာကြံ့ကြံ့ခံနိုင်ဖို့ အထောက်အကူဖြစ်စေမှာပါ။ တကယ်တော့ စိတ်ခံစားချက်တွေ၊ အတွေးတွေ၊ ကြောက်ရွံ့မုန်းတီးမှုတွေကို ရှေ့ဆက်ဖို့ ခွန်အားတွေအဖြစ် စိတ်ကိုထိန်းချုပ်ပြောင်းလဲနိုင်စွမ်းက လူတိုင်း လေ့ကျင့်ယူလို့ရနိုင်တဲ့ကိစ္စတစ်ခုပဲဖြစ်ပါတယ်။



👨‍👩‍👧‍👦 အပြန်အလှန်ဖေးမကူညီ ကြံ့ကြံ့ခံနိုင်ခြင်း (လူမှုဆက်ဆံရေးကြံ့ကြံ့ခံနိုင်ခြင်း)

ခက်ခဲလှတဲ့အချိန်မှာ ကိုယ်တစ်ယောက်ထဲ မဟုတ်ဘူးဆိုတာကို အမြဲနှလုံးသွင်းထားနိုင်ဖို့ပါ။ အလားတူပဲ ကိုယ့်အနားက အခက်အခဲဖြစ်နေသူကိုလည်း သူတစ်ယောက်ထဲမဟုတ်ကြောင်း နှလုံးသွင်းနိုင်ဖို့ အပြန်အလှန် ဖေးမကူညီကြတာမျိုးပါ။  တနည်းအားဖြင့် မေတ္တာပေးတဲ့စိတ်၊ ရဲဘော်ရဲဘက်စိတ်၊ မိသားစုစိတ်၊ မိတ်ဆွေသူငယ်ချင်းစိတ်နဲ့  အချင်းချင်း အပြန်အလှန် ကူညီဖေးမ၊ ပံ့ပိုးအားပေးခြင်းဖြင့် သူရော ကိုယ်ပါ ဒီအခက်အခဲထဲမှာ တစ်ယောက်ထဲမဟုတ်ဘူးဆိုတဲ့ အပြန်အလှန်ဖေးမကူညီကြံ့ကြံ့ခိုင်နိုင်စွမ်းတွေ တည်ဆောက်နိုင်ကြမှာ ဖြစ်ပါတယ်။ လူမှုပတ်ဝန်းကျင်ကို ကိုယ်က ဘယ်လိုကောင်းကျိုးတွေ ဖြစ်စေမလဲဆိုတာ နှလုံးသွင်းလိုက်ခြင်းက ကိုယ်တိုင်မှာလည်း ဘာပဲဖြစ်ဖြစ် တစ်ယောက်ထဲမဟုတ်ဘူးဆိုတဲ့ အပြန်အလှန်ဖေးမကူညီကြံ့ကြံ့ခံနိုင်ဖို့ အင်အားတွေရှိစေမှာ ဖြစ်ပါတယ်။