ထောင်တွင်းမှ ပေးစာ

ထောင်တွင်းမှ ပေးစာ
အောက်တိုဘာ 19, 2021 | အတွေးအမြင်| ဆောင်းပါး
By Tachileik News Agency

သို့

       အမေ . . .

                       ထောင်တွင်းမှ ပေးစာ



အမေ နေကောင်းတယ် မဟုတ်လား။ သားလည်း နေကောင်းတယ် အမေ ... ။ ထောင်ထဲမှာဆိုတော့ အမေ့ အိမ်မှာတုန်းကလို အဆင်ပြေတယ်လို့တော့ မဟုတ်ဘူးပေါ့ အမေရယ်။ သား အဆင်ပြေနေပါတယ်။

အခုက သီတင်းကျွတ် ဆိုတော့ သားတို့ မိသားစု အမြဲ ကန်တော့နေကြ၊ ဒီနှစ်တော့ သား လူကိုယ်တိုင် မကန်တော့နိုင်တာကို စိတ်မကောင်း ဖြစ်မိတာမှန်ပေမယ့်လည်း သားဝမ်းတော့ မနည်းဘူး အမေ ... ။

သားက အမေ့ကို စာနဲ့ ရေးပြီးတော့ ကန်တော့ခွင့် ရနေသေးတယ်လေ။ သား သူငယ်ချင်း တချို့ဆို စာတောင်ရေးလို့ မရတော့ဘူး၊ သူတို့မှာ အသက်မှ မရှိတော့တာ အမေရယ် ...။ သူတို့ အသက်ကို စစ်တပ်က နုတ်ယူသွားပြီလေ။ သားထက်ကို သူတို့က ပို ပါတယ် အမေရယ်။ အမေ ... လမ်းကြုံရင် သေသွားတဲ့ သားသူငယ်ချင်း အမေကို သွားပြီး အားပေးပါဦးနော်။ သူ့ရဲ့သား မရှိတော့ပေမဲ့ လူငယ်တွေ အားလုံးဟာ သူ့သားတွေချည်းပဲမို့ အားမငယ်ဖို့ ပြောဖြစ်အောင် ပြောပေးပါနော်။

 

ပြီးတော့လေ အပြင်က သား သူငယ်ချင်းတွေကိုတော့ ဘာမှ မပြောနဲ့နော် အမေ။ သူတို့က ပျော်တတ်ကြတယ်လေ၊ ပျော်ပါစေ။ သားတို့ ပေးဆပ်နေကြတာကို သူတို့ မသိပါစေနဲ့၊ သူတို့က သိရက်နဲ့ မသိချင်ယောင် ဆောင်နေတာမို့ပါ။ ဪ... သူတို့ကို မပြောနဲ့ ဆိုပေမဲ့လို့ တစ်ခုတော့ ပြောဖြစ်အောင် ပြောပေးပါနော် အမေ။

 

သီတင်းကျွတ်မှာ ပျော်ရင် မီးပဲ ထွန်းပါ၊ အရင်နှစ်‌တွေကလို အသံ ကျယ်တဲ့ ဗျောက်အိုးတွေ မဖောက်ဖို့ ပြောပေးပါနော်။ ဘာလို့တုန်းဆို ကျဆုံးသွားတဲ့ သူငယ်ချင်းတွေက သေနတ်ပစ်သံ ဆိုပြီး လန့် သွားမှာ စိုးရိမ်လို့ပါ အမေ ... ။ တချို့တွေကြတော့လည်း စစ်တပ်ကို ဗုံးခွဲတာ ထင်ပြီး မှား ပျော်နေကြမှာ စိုးလို့ပါ အမေရယ်။ ရှမ်းပြည်က အချင်းချင်းသာ လက်သံ ပြောင်တာ၊ ရန်သူဆိုရင် သည်းခံနိုင်စွမ်း ရှိတာကို သား သိတာပေါ့။

 

အမေရေ ... သားကို စိတ် မပူနဲ့နော်။ ထောင်ထဲမှာလည်း လူ အစုံပါပဲ အမေရယ်။ သားတို့ လူငယ်တွေကတော့ ပို များတာပေါ့ အမေ။ ကျောင်းသားတွေ၊ ဆရာ‌ဝန်တွေ၊ ကျောင်းဆရာ/မတွေ၊ ဝန်ထမ်းတွေ အစုံပဲ၊ အမတ်တွေ၊ ဝန်ကြီးတွေရောပဲ အမေရယ်။ 

ပြီးတော့ သတင်းထောက်တွေလည်း ရှိတယ် အမေရဲ့။ သတင်းသမားတွေ သတင်းရေးလို့ အဖမ်းခံရတာ သား ခုမှ သိတာ အမေရေ ... ။ ခံယူချက်ကြောင့် ရောက်လာသူတွေ အချင်းချင်း ရိုင်းပင်းကြတာမို့ အမေ တအား စိတ်မပူပါနဲ့ အမေ။ သားတို့ အပြစ် မရှိတာ တစ်ကမ္ဘာလုံး သိသလို ဘုရားလည်း သိတယ် အမေ ...။ ဘုရားဆိုလို့ ပြောရဦးမယ်၊ ထောင်ထဲမှာ ဘာသာပေါင်းစုံ ရှိကြတယ် အမေရဲ့၊ အဲဒါကြောင့်လေ သားတို့မှာ အပြစ် မရှိတာကို ဘာသာပေါင်းစုံက ဘုရားတွေ အကုန် သိတယ်။

 

အမေ ... ဘေးအိမ်က ဦးလေးကြီးရော နေကောင်းလား၊ ၈၈၈၈ အရေးတော်ပုံ အကြောင်းကို အမြဲ ပြောတတ်တဲ့ ဦးလေး လေ။ သတိရကြောင်း ပြောပေးပါဦး၊ သူ အခု အရေးတော်ပုံမှာ ဘာမှ မလုပ်ဘဲ ငြိမ်နေတာကို သားတို့ အပြစ် မမြင်ဘူး၊ သားတို့ခေတ်မို့ သားတို့မှာပဲ တာဝန် ရှိတာကို ရှင်းပြပေးပါနော်။ လမ်းထိပ်က ကုန်သည်အန်တီကြီးကိုလည်း သူတို့ ရှာတဲ့ငွေ သူတို့ ပြည့်ပြည့်ဝဝ သုံးခွင့် ရအောင် သား လုပ်မပေးနိုင်ခဲ့လို့ တောင်းပန်တယ်လို့ ပြောပေးနော်။ ဘယ်အစိုးရ တက်တက် ကိုယ့်အစိုးရပဲလို့ ပြောတဲ့ သူ့ညီမရော နေကောင်းလား။ သတိရတယ်လို့နော်။

 

ကျောင်းတွေလည်း ပြန် ဖွင့်တော့မယ်ဆို၊ အစ်မ က CDM မလုပ်တော့ စာသင်‌ရမှာပေါ့။ ကလေးတွေကို သင်ဖို့ ကျောင်းစာတွေ လေ့လာဖို့လည်း သတိပေးဦးနော်။ ဒါပေမဲ့ အခုက ကျောင်းဆရာမလည်း ကျောင်းစာ မလုပ်ရဘဲ စစ်ပညာသင်ရမှာဆိုတော့ အဲဒါတွေ မလိုတော့ဘူး ထင်ပါတယ်လေ။ အဘတို့ ကြိုက်ဖို့ပဲ လိုတာ မဟုတ်လား။

 

ဪ.. မေ့နေတာ။ အဖေ့ သူငယ်ချင်း အဖွဲအစည်းက ဦးလေးရော၊ အရင်လိုပဲ တိုင်းရင်းသား အချင်းချင်း တိုက်နေကြဆဲပဲလား။ သား ထင်တာ မမှားဘူးဆိုရင် ရှမ်းပြည်မှာ အချင်းချင်း ဖြစ်တဲ့ တိုက်ပွဲက ပို များနေတယ် မဟုတ်လား။ သားတို့ အခု လုပ်တာက NLD ကို ထောက်ခံတာ မဟုတ်ဘူး၊ ပြည်သူက တင်မြှောက်ထားတဲ့ အစိုးရကို လက်နက်နဲ့ အနိုင်ကျင့်ပြီး အာဏာ လုယူတာကို ကန့်ကွက်တာ၊ ပြည်သူ့အာဏာကို ပြည်သူ ပြန် ယူတာ။ သားတို့ လူငယ်တွေရဲ့ အနာဂတ်အတွက် သားတို့ လုပ်တာကို ဖက်ဒရယ်ရည်မှန်းချက်အတွက် လုပ်နေတဲ့ ဦးလေးတို့က ကူညီ ဦးဆောင်သင့်တာကိုလည်း ပြောပြပေးနော်။

 

အစ်ကိုရော ထွက်ပြေးနေတုန်းပဲလား။ လွတ်အောင် ပြေးခိုင်းနော် အဖမ်း မခံရ‌စေနဲ့။ အဖမ်းခံရရင် ဘာမှ လုပ်လို့ မရတော့ဘူး၊ ခုက သားတို့ တော်လှန်ရေးက နိုင်ဖို့ လက်တစ်ကမ်းပဲ လိုတော့တယ်။ နိုင်ရာ တာဝန်ကို ထမ်းပါလို့။ အကိုက ငွေ ရှိတော့ လှူလို့ ရတယ်လေ။ တတ်နိုင်သလောက် လှူခိုင်းပေါ့။ ဝရမ်းပြေး အစ်ကို့ ကို သား ကန်တော့တယ်လိုလည်း သေသေချာချာ ပြောပေးနော် အမေ။

 

ညီလေးက PDF ထဲမှာဆို၊ အထဲကို အသစ် ရောက်လာတဲ့ PDF က ညီငယ် တစ်ယောက် ပြောလို့ သား သိရတာ။ သား ဝမ်းသာလိုက်တာအမေရယ်။ သား မလုပ်နိုင်တဲ့ အလုပ်ကို ညီလေး လုပ်နေတာ သိရတော့ ပြောမပြတတ်အောင်ပဲ အမေရယ်။ PDF ဆိုတာလည်း လက်နက်ကိုင်ပဲမို့ လက်နက်ကိုင်တွေ လိုက်နာရမယ့် ကျင့်ဝတ်တွေကို လိုက်နာဖို့လည်း ဆုံးမပေးနော်။ စစ်တပ်က ကောင်တွေလို အကြမ်းဖက်တာ၊ ပြည်သူကို နှိပ်စက်တာမျိုး မလုပ်ဖို့ အရေးအကြီးဆုံးပဲ။ ရန်/ငါ ပြတ်အောင် လုပ်ခိုင်းနော်။ အရေးကြီးတာက သတင်း မပေါက်ကြားစေနဲ့။ နာမည်ကြီးချင်ရင် တော်လှန်ရေး မလုပ်နဲ့၊ တော်လှန်ရေး လုပ်ရင် နာမည် မကြီးချင်နဲ့လို့။ ဘာဖြစ်ဖြစ် ညီလေးကို သား ဦးညွှတ် အလေးပြုတယ်လိုတော့ ပြောပေးနော်။ ဂုဏ်လည်း ယူတယ်လို့ပေါ့။

 

အမေ့ အချစ်တော် အငယ်မကရော အိမ်မှာပဲလား။ အငယ်ဆုံး ညီမလေးမို့ အစကတည်းက ပို ချစ်ပေမယ့် CDM လုပ်ကတည်းက အ‌မေ အလို ပိုလိုက်တာ သား သိတယ်နော်။ CDM တွေ ဖမ်းနေတယ် ကြားလို့ တစ်နေရာမှာ ရှောင်ခိုင်းထားဦး။ ရုံးတော့ ပြန် မတက်စေနဲ့။ အငယ်မကလည်း တက်မှာ မဟုတ်ပါဘူး၊ သူလည်း လူငယ်ပဲကို သိမှာပါ။ CDM လုပ်တာနဲ့ တာဝန်ကျေတယ် ဆိုပေမယ့် ကွန်ရက်တွေနဲ့ ချိတ်ဆက်ပြီး လုပ်စရာ ရှိတာ လုပ်ခိုင်းနော်။ လေးစားတယ်လို့လည်း ပြောပေးဦး အငယ်မကို။

 

သားတို့ ရှမ်းပြည်မှာသာ ငြိမ်နေတာ တခြား တိုင်းနဲ့ ပြည်နယ်တွေမှာက တော်လှန်ရေး အရှိန်မြင့်နေပြီလို့ သိရတော့ ဝမ်းသာတယ် အမေ ...။ သား ရှမ်းပြည်နယ်မှာ နေတာ အရင်တုန်းက ဂုဏ်ယူခဲ့သလောက် ခုတော့ သိမ်ငယ်ရတယ် အ‌မေရယ်။ 

 

အမေရေ ... အမေ ဝမ်းမနည်းနဲ့နော်။

ထောင်ထဲ ရောက်နေတဲ့ သားအတွက်၊ ဆန္ဒပြပွဲ ဦးဆောင်လို့ ထွက်ပြေးနေရတဲ့ အစ်ကို အတွက်၊ PDF ထဲ ရောက်နေတဲ့ ညီလေးအတွက်၊ CDM လုပ်လို့ အလုပ်မရှိတဲ့ ညီမလေးအတွက်၊ အမေ လုံးဝ ဝမ်းမနည်းနဲ့။ အမေ့အတွက်၊ သားတို့ အနာဂတ်နိုင်ငံအတွက် ဂုဏ်ယူပေးပါနော်။ CDM မလုပ်ဘဲ အဘတို့ အကြိုက် လိုက်နေတဲ့ အမေ့ရဲ့ သမီး ဖြစ်တဲ့ အစ်မ အတွက်ပဲ အမေ ဝမ်းနည်းရင် ဝမ်းနည်းပေါ့။

.

အမေရေ ... ထောင်ထဲက ရေးရတာမို့ ပြောချင်တာတွေ များပေမယ့်လည်း ဒါလောက်နဲ့ပဲ တော်ပြီ အမေ။ သား အမေ့ကို ထောင်ထဲကနေ ရှိခိုးကန်တော့ပါတယ် အမေ။ ဪ အမေ ... အမေ ဘုရားရှိခိုးရင်လေ တရားသော စစ်ပွဲ အောင်ဖို့နဲ့ PDF တွေ၊ CDM တွေ၊ ထွက်ပြေးနေကြရသူတွေ အန္တရာယ် ကင်းအောင် ဆုတောင်း မေတ္တာ ပိုပေးဦးနော်။ ဟိုကောင်တွေ ပစ်လို့ သေသွားတဲ့ သား သူငယ်ချင်းတွေ ကောင်းရာသုဂတိ ရောက်အောင်လည်း အမျှ ပေး ပေးပါဦး။ ပြောသာ ပြောရတာ အများအကျိုးအတွက် လုပ်ရင်း သေသွားကြတာဆိုတော့ ကောင်းရာဘုံကို ရောက်နေကြမှာပါ။

 

အမေရေ ... သား ထောင်က လွတ်တဲ့နေ့၊ တော်လှန်ရေး အောင်မြင်တဲ့နေ့ကြမှ အရမ်းချစ်တယ်လို အမေ့ကို ဖက်ပြီး ပြောတော့မယ် အမေ ... ။

ကျန်းမာရေးကို အထူးဂရုစိုက်ပါ အမေ။