[ဆောင်းပါး] ပြည်သူ့ဒလန် Non CDM

[ဆောင်းပါး] ပြည်သူ့ဒလန် Non CDM

◾ ပြည်သူ့ဒလန် Non CDM

CDM ဆိုသည်မှာ အကြမ်းမဖက်သော အာဏာ ဖီဆန်မှုကို ဆိုလိုရင်း ဖြစ်သည်။ ထို့အတူ အာဏာဖီဆန်မှု မပြုလုပ်သောသူများကို Non CDM များဟု ခေါ်ဆိုကြသည်။ CDM ဝန်ထမ်းများကို စစ်အာဏာရှင် ဆန့်ကျင်သူများ၊ ပြည်သူ့ဘက်တော်သား ဝန်ထမ်းများဟု သတ်မှတ်နိုင်သော်လည်း Non CDM များကိုမူ စစ်အာဏာရှင် ဘက်တော်သားဟု အလွယ်သတ်မှတ်၍ မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် Non CDM များတွင် စစ်အာဏာရှင်ကို ဆန့်ကျင်သူ ပြည်သူ့ဝန်ထမ်းများ ရှိနေပေသည်။

Non CDM များကို အမျိုးအစား ခွဲရသော် အောက်ပါအတိုင်း ခွဲခြားနိုင်ပေသည် -

(က) စစ်အာဏာရှင်ကို ထောက်ခံသူ

(ခ) ကြားနေသူ

(ဂ) စားဝတ်နေရေးအရ CDM မပြုလုပ်နိုင်သူ

(ဃ) လုံခြုံရေးအရ CDM မပြုလုပ်နိုင်သူ

အထက်ပါ Non CDM များအနက် စစ်အာဏာရှင်ကို ထောက်ခံသူနှင့် ကြားနေသူမှာ လက်ရှိတွင် အနည်းငယ်သာ ရှိပြီး စားဝတ်နေရေးအရ CDM မပြုလုပ်နိုင်သူနှင့် လုံခြုံရေးအရ CDM မပြုလုပ်နိုင်သူမှာ စစ်ကောင်စီ လက်အောက်တွင် အများအပြား တာဝန် ထမ်းဆောင်နေလျက် ရှိခြင်းကြောင့် ဤ အတွေးအမြင် ဆောင်းပါးကို ရေးသားရခြင်း ဖြစ်ပေသည်။

၎င်းတို့သည် သူ့လူ ကိုယ့်ဘက်သားများ ဖြစ်သည်။ အကြောင်းအမျိုးမျိုးကြောင့် ပြည်သူနှင့်အတူ မရှိနိုင်သော်လည်း စိတ်သည် ပြည်သူ့ထံတွင်သာ ရှိနေကြသူများ ဖြစ်သည်။

ချမ်းသာသူ ဝန်ထမ်းများ အတွက် CDM မှာ အကြောင်း မဟုတ်သော်လည်း မပြည့်စုံသူများ အတွက်မူ အကြောင်း ရှိသည်။ ဝမ်းတစ်ထွာအတွက် လစာ ရှိမှသာ ‌ဖြေရှင်းနိုင်ပေမည်။ CDM ဝန်ထမ်းများအတွက် ပြည်သူများက လှူဒါန်း ထောက်ပံ့သည်ဟု ဆိုသော်လည်း ရေရှည်အတွက် အဆင်မပြေသည်ကိုမူ သတိပြုသင့်ပေသည်။ ဝန်ထမ်းသည် ဝန်ထမ်းအလုပ်ကိုသာ လုပ်တတ်၍ အခြားအလုပ်ကို မလုပ်စွမ်းကြသည်ကိုလည်း နားလည်စေလိုသည်။

ထို့အတူ လုံခြုံရေးအရ Non CDM ဖြစ်နေရသူများမှာလည်း ထိုနည်းလည်းကောင်းပင်။ မိသားစု၏ လုံခြုံရေးနှင့် မိမိကိုယ်တိုင်၏ လုံခြုံရေးကို စိုးရိမ်ကာ CDM ပြုလုပ်လိုသော်လည်း Non CDM ဖြစ်နေကြရပေသည်။ လုံခြုံရေးကို စိုးရိမ်ကြသည်မှာလည်း အပြစ်ဟု မဆိုသာ၊ စစ်ကောင်စီ၏ အကြောင်းမဲ့ ဖမ်းဆီးမှုများက နေ့စဉ်နှင့်အမျှ ရှိနေသည်က သက်သေပင်။

◾ဘာလုပ်နိုင်လဲ

အမှန်က လက်ရှိ နွေဦးတော်လှန်ရေးတွင် Non CDM များ၏ အခန်းကဏ္ဍမှာ ပျောက်နေ‌သေးသော်လည်း အမှန်တကယ် လုပ်ဆောင်ပါဝင် လုပ်ဆောင်လာပါက အကျိုးထူးစေပေမည်။ ကိုယ့်လူ ကိုယ့်ဘက်သားများက အရေးပါသလို သူ့လူ ကိုယ့်ဘက်သားများကလည်း တော်လှန်ရေး (သို့မဟုတ်) စစ်အာဏာရှင်ကို ဖြုတ်ချရေး အစီအစဉ်တွင် အရေးပါလွန်းလှသည်။ သူ့လူ ကိုယ့်ဘက်သားကို တစ်နည်းအားဖြင့် ဆိုရသော် သူလျှိုဟု ဆိုလိုနိုင်သည်။ ခေတ်အခေါ်အရဆိုလျှင် ပြည်သူ့ဒလန်များပင် ဖြစ်ကြသည်။ သူလျှို တစ်ဦး၏ စွမ်းဆောင်ရည်သည် များစွာ အကျိုး ဖြစ်ထွန်း‌စေသည်။

သို့ဖြစ်၍ စားဝတ်နေရေးအရ သော်လည်းကောင်း၊ လုံခြုံရေးအရ သော်လည်းကောင်း CDM မပြုလုပ်နိုင်ကြသည့် Non CDM များသာ ပြည်သူနှင့်အတူ ပူးပေါင်းပါဝင်လာပါက စစ်အာဏာရှင် ပြုတ်ကျရေးမှာ သေချာသည်ထက်ပင် သေချာသွားပြီ ဖြစ်သည်။

Non CDM များသည် စစ်ကောင်စီမှ အစ၊ အရံမီးသတ်တပ်ဖွဲ့ထိ ရှိနေပြီ ဖြစ်ရာ အတွင်းစည်းမှ နေ၍ တော်လှန်ရေး လုပ်ကြရန် ဖြစ်သည်။ မိမိတို့ တာဝန်ကျရာ ဌာနများမှ သက်ဆိုင်ရာ အတွင်းသတင်းများကို NUG အစိုးရ၊ CRPH ၊ PDF နှင့် အခြားသော အဖွဲ့အစည်းများသို့ လည်းကောင်း၊ လွတ်လပ်ပြီး အမှီအခို ကင်းသော သတင်းမီဒီယာများသို့ လည်းကောင်း ဆက်သွယ် ပေးပို့၍ ပြည်သူ့အကျိုးကို သယ်ပိုးနိုင်ပေသည်။ ယင်းကဲ့သို့ ပေးပို့ရာတွင် အကောင့်အတုများ အသုံးပြုကာ ဆောင်ရွက်ရန်နှင့် လုံခြုံမှုကို သတိပြုရန်လည်း လိုအပ်သည်။

ထို့အတူ စစ်အာဏာရှင် တည်တံ့စေမည့် လုပ်ငန်းစဉ်များကို မိမိတို့နည်း၊ မိမိတို့ဟန်ဖြင့် ပျက်ယွင်း ကျဆုံးအောင်လည်း ဆောင်ရွက်နိုင်ပေသည်။ ထို့အပြင် ပြည်သူများ အကျိုး ဖြစ်ထွန်းစေမည့် အကြောင်းအရာများကို တတ်စွမ်းသမျှ မျှဝေ ဆောင်ရွက်ခြင်းဖြင့်လည်း ပြည်သူကို ကျေးဇူး ဆပ်နိုင်သည်။ COVID-19 ကဲ့သို့သော သတင်းများ ပေးခြင်း၊ စစ်အာဏာရှင်၏ လှည့်ဖျားမှုဆိုင်ရာ အမိန့်များကို သတင်းအမှန် ပေးခြင်းဖြင့် တုံ့ပြန်ခြင်းတို့ကို ဆိုလိုပေသည်။

မကြာမီ ပြုလုပ်တော့မည့် နွေဦးတော်လှန်ရေးတွင် ပြည်သူ့ဒလန် Non CDM များ ပေးပို့မည့် သတင်းသည် အရေးပါသည်ထက် ခွန်အား ဖြစ်စေနိုင်သည်ကို သတိချပ်၍ အသိကပ်ကာ ပြည်သူနှင့် ပူးပေါင်းကြရန် ဖြစ်သည်။ မြေပိုင်မှ စစ်နိုင်မှာ ဆိုခြင်းသည် သတင်း ရရှိ/သိမှသာ စစ်နိုင်မည်ကို ဆိုလိုရင်းဖြစ်သည်။

စစ်ကောင်စီ၏ စစ်အောင်ရသော အကြောင်းအရင်းများတွင် Non CDM များ လုပ်နိုင်သည့် အလွယ်ပြုလုပ်နိုင်သော လုံခြုံမှု ရှိခြင်း၊ အငိုက်ဖမ်းနိုင်ခြင်း၊ သတင်းတိကျမှု ရှိခြင်းတို့ ပါရှိရာ စစ်ကောင်စီ၏ စစ်အောင်နိုင်‌စေသော အခြေအနေများကို ရိုက်ချိုး ဖျက်ဆီးနိုင်သည်။

သတင်းတစ်ခုကြောင့်၊ သူလျှိုတစ်ဦးကြောင့် စစ်ရှုံးကြသော သာဓကများ ကမ္ဘာပေါ်တွင် များစွာ ရှိနေပေသည်။ ဖြစ်ခဲ့ပြီးသော ကမ္ဘာစစ်များ၏ အနိုင်/အရှုံး အဆုံးအဖြတ်သည်ပင် သတင်းကြောင့်ဟုဆိုလိုက ဆိုနိုင်ပေသည်။

◾ပြည်သူ့ဒလန်

Non CDM များ အနေဖြင့် ပြည်သူ့ဒလန် အဖြစ် လုပ်ဆောင်ပါက သစ္စာဖောက်သည်ဟု စစ်အာဏာရှင်က ဆိုနိုင်သော်လည်း ယင်းအချက်မှာ မှားယွင်းနေသည်ကို တွေးကြည့်က ပြေးကြည့်သည်ထက်ပင် သေချာသည်။ ဌာနတိုင်းတွင် ပြည်သူနှင့် သက်ဆိုင်သော ဆောင်ရန်၊ ရှောင်ရန်အချက်များ ရှိသည်။ စစ်အာဏာရှင်၏ လက်ကိုင်တုတ်များ ဖြစ်သော တပ်မတော်နှင့် ရဲတပ်ဖွဲ့တွင်ပင် ပြည်သူအပေါ် ပြုကျင့်ရမည့် ကျင့်ဝတ်များ ရှိသည်။

"ပြည်သူလူထုအတွက် ဘာပဲလုပ်လုပ်၊ ဘာပဲခိုင်းခိုင်း ပြည်သူလူထုက ကြည်ဖြူကျေနပ်ပါစေ" ဟု ပါရှိသည့်အပြင် နေ့စဉ် ရွတ်ဆိုနေကြသော " နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ သစ္စာကို စောင့်သိရိုသေပါမည်"ဟု ဖြစ်ရာ နိုင်ငံသားများအတွက် ပြုလုပ်ခြင်းမှာ မည်သို့မျှ သစ္စာဖောက်မှု မဖြစ်တန်ရာ။ ဤနေရာတွင် နိုင်ငံတော်ဟူသည် အချက်တွင် စစ်ကောင်စီကို နိုင်ငံတော်ဟု သတ်မှတ်က အမှားကြီး မှားချေမည်။

နိုင်ငံ၏ အချုပ်အခြာအာဏာကို ပိုင်ဆိုင်သူမှာ ပြည်သူများပင် ဖြစ်သည်။ ထိုနည်းတူ ပြည်သူ့ဆန္ဒမဲဖြင့် ရွေးချယ်တင်မြှောက်ထားသော အစိုးရသည်သာ တရားဝင် နိုင်ငံတော်အစိုးရ ဖြစ်သည်။ လက်နက်အားကိုးဖြင့် အာဏာသိမ်းထားသည့် စစ်ကောင်စီကို မည်သို့မျှ နိုင်ငံတော်အစိုးရဟု မသတ်မှတ်၊ မခေါ်ဆိုထိုက်ပေ။

သို့ဖြစ်၍ Non CDM များ အနေဖြင့် ပြည်သူ့ဒလန် အဖြစ် ဆောင်ရွက်ကာ ပြည်သူ့အကျိုး သယ်ပိုးကြစေလိုကြောင်း တိုက်တွန်း ဆန္ဒပြုရင်း CDM ဝန်ထမ်း များကဲ့သို့ ဂုဏ် မပြုနိုင်သည့်တိုင် ပြည်သူ့ဒလန် Non CDM များကို ထာဝရ ကျေးဇူးတင်ကြနေမည်သာ။ ။

Tachileik News Agency