အိပ်မက်များမှ တဆင့် ပေါ်ထွက်လာသည့် ဂူ သို့မဟုတ် ဓမ္မဂမ္ဘီရ သာသနာ့လိုဏ်ဂူတော်

အိပ်မက်များမှ တဆင့် ပေါ်ထွက်လာသည့် ဂူ သို့မဟုတ် ဓမ္မဂမ္ဘီရ သာသနာ့လိုဏ်ဂူတော်
မတ် 11, 2014 | ဆောင်းပါး
သာသနာသက္ကရာဇ် ၁၄၄၀ ကျော်ခန့်က ရှမ်းဘုရင် အာလဝီမင်းကြီး နေထိုင်ခဲ့ပြီး ရတနာများကို မြှုပ်နှံခဲ့သည့် ဂူ၊ တန်ခိုးကြီး ပုဂ္ဂိုလ်များ စောင့်ရှောက်နေသည့် ဂူ၊ ရဟန္တာ (၁၆)ပါး တရားအားထုတ် ကျင့်ကြံရင်းဖြင့် ပရိနိဗ္ဗာန်ပြုတော်မူသွားခဲ့ရာမှ လက်တလောတွင် ရဟန္တာ (၄)ပါး၏ ဓါတ်တော်များကို ရှာဖွေတွေ့ရှိရထားသည့် ဂူ၊ အဆိုပါ ဂူအမည်ကို မြင့်မြတ်ခမ်းနားသည့်ဂူ သို့မဟုတ် မြင့်မြတ်ကျော်ကြားသော ပုဂ္ဂိုလ်များ အသွင်သဏ္ဍာန် အမျိုးမျိုးဖြင့် နေထိုင်သည့် ဂူ ဟု အနက်အဓိပ္ပာယ်ရသည့်  "စွမ်ဟိန်းဂူ"၏ အမည်ကို မိုင်းလင်းဆရာတော်ဘုရားကြီးမှ အမည်ပေးထားပြီး နောက်တစ်နည်းဖြင့် "ဓမ္မဂမ္ဘီရ သာသနာ့လိုဏ်ဂူတော်"ဟူ၍လည်း ခေါ်ဆိုရာ အဆိုပါ ဂူနှင့် ပတ်သက်၍ အကြောင်းအရာ အနည်းငယ်ကို စာရေးသူအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။
 
 
 

အိပ်မက်များမှ တဆင့် ပေါ်ထွက်လာသည့် ဂူ သို့မဟုတ် ဂူ၏သမိုင်းအစ
သာသနာသက္ကရာဇ် ၁၄၄၀ ကျော်ခန့်က ဝိသေဟတိုင်းပြည်(တရုတ်နိုင်ငံ)မှ ကျေးဟုန်နိုင်ငံ(ရှမ်းနိုင်ငံ)ကို ကျူးကျော်ဝင်ရောက်လာသောအခါမှာ ကျင်းဟုန်နိုင်ငံမှ ဘုရင် အာလဝီမင်းကြီးမှ တိုင်းရေးပြည်ရေး အခြေအနေကြောင့် ၎င်း၏ တိုင်းပြည်မှ ဆုတ်ခွာရန် ကြံဆနေစဉ် တစ်ခုသော ည၌ အိပ်မက်ထဲတွင် ပုဂ္ဂိုလ်တစ်ဦးမှ မင်းကြီးအား ဂူကြီးတစ်ဂူသို့ လာရောက်၍ ပုန်းအောင်းနေထိုင်ရန် အိပ်မက်တော် မြင်မက်သဖြင့် မင်းကြီး မြင်မက်သော အိပ်မက်ထဲမှ လိုဏ်ဂူတော်ကို ရှာဖွေရာ အိပ်မက်ထဲက အတိုင်းရှာဖွေ တွေ့ရှိပြီး ရှောင်တိမ်း နေထိုင်ခဲ့ကြသည်။ ထိုမှတဆင့် အခြားနေရာသို့ ရွှေ့ပြောင်း နေထိုင်ခဲ့ပြီး စစ်မက်ဖြစ်ပွားမှု အေးချမ်းသွားသော အခါမှာ လိုဏ်ဂူအတွင်း ပြန်လည်နေထိုင်ကာ ဝိသေဟဘုရင်၏ ငြိမ်းချမ်းရေး ဆင့်ဆိုမှုကြောင့် ကျေးဟုန်နိုင်ငံသို့ မပြန်မီ ၎င်းတို့တွင် ပါလာသော ရတနာများကို မြှုပ်နှံခဲ့ရာမှ ဂူ၏ သမိုင်း စတင်ခဲ့သည်။


{ လိုဏ်ဂူပေါက်၀ }
 

သာသနာသက္ကရာဇ် ၂၀၀၀ ကျော်ခန့်က မိုင်းယောင်းဘုရင် ကျောက်စုနန္ဒကုမ္မာန်သည် တစ်ခုသော တစ်ည၌ အိပ်မက်မြင်မက်ရာတွင် တိုင်းရေးပြည်ရေး စစ်မက်ရေးရာများ ဖြစ်ပွားတော့မည်၊ စစ်မက်ဖြစ်ပွားပါက အဖိုးတန် ရတနာပစ္စည်းဥစ္စာများကို အခြားတိုင်းပြည်များသို့ မပါသွားစေရန်အတွက် ဤဂူအတွင်း မြှုပ်နှံထားပါဟု ပုဂ္ဂိုလ်တစ်ဦးမှ ဂူအားပြသ၍ ပြောဆိုသည်ကို  မြင်မက်ရာမှ မင်းကြီးမှ မှူးကြီးမတ်ရာများအား မေးမြန်းရှာဖွေခိုင်းရာ ရှာဖွေတွေ့ရှိသည့် အခါမှာ မင်းကြီးမြင်မက်သော အိပ်မက်ထဲက ဂူအတိုင်း ဖြစ်နေလေသည်။

{ ဂူအတွင်း }

အဆိုပါ ဂူတွင် အာလဝီမင်းကြီး၊  ကျောက်စုနန္ဒကုမ္မာန်ဘုရင်၊ ကျိုင်းတုံဘုရင် ကျောက်ဖကျိုင်းအွမ်မင်းကြီး နှင့် အခြားသော အမည်သညှာမသိရသည့် မင်းအဆက်ဆက်များမှလည်း ထိုနည်းတူပင် အိပ်မက်ထဲမှ ပုဂ္ဂိုလ်တစ်ဦး၏ ပြောဆိုချက်အရမှ တဆင့် အဆိုပါ ဂူနှင့် ရင်းနှီးခဲ့ရပြီး တိုင်းရေးပြည်ရေး အခြေအနေအရ ရတနာများ လာရောက်မြှုပ်နှံ ထားခဲ့ဖူးကြောင်း သိရှိရပြီး ၂၀၀၉ခုနှစ်ဝန်းကျင်မှစ၍ မိုင်းလင်းဆရာတော်ဘုရားကြီးမှ ဂူအားတွေ့ရှိရာ အဆိုပါ ဂူ၌ တရားဘာဝနာအားထုတ်၍ သာသနာပြုလာမှုတို့ကြောင့် ယခုအခါမှာ စွမ်ဟိန်းလိုဏ်ဂူတော်သည် အသစ်တစ်ဖန် နိုးထလာခဲ့ပြီး ရှမ်းပြည်နယ် အရှေ့ပိုင်း၏ သမိုင်းအထင်ကရ တစ်ခုဖြစ်လာတော့မည်ဟု ယုံကြည်မိပါသည်။

 
{ ဂူအတွင်း ရုပ်ပွားတော် }

အိပ်မက်ထဲမှ ပင့်ဖိတ်သူ (၃)နှစ်ခန့် ကြာပြီးမှ တွေ့
၂၀၀၆ခုနှစ် ဝန်းကျင်က မိုင်းလင်းဆရာတော်ဘုရားကြီးသည် မိုင်းလင်းကျောင်းတိုက်မှ မိုင်းယောင်းသို့ မကြွမီ တစ်ခုသောတစ်ည၌ ကျိန်းစက်နေချိန်တွင် ဆရာတော်ဘုရားကြီး၏ ထူးဆန်းသော အိပ်မက်တစ်ခုတွင် ပုဂ္ဂိုလ် (၃)ဦးမှ ပန်းကုံး၊ ဖယောင်းတိုင် တို့ဖြင့် ဆရာတော်ဘုရားကြီးအား ဆက်ကပ်၍ မိုင်းဖြတ် - မိုင်းယောင်း လမ်းကြောင်းပေါ်ရှိ မိမိတို့ နေထိုင်သည့် မြို့အား လမ်းကြုံကြွရောက်ပေးပါဟု လျှောက်ထားရာ ဆရာတော်ဘုရားကြီးမှ အကြောင်း ညီညွှတ်မည်ဆိုပါက ကြွတော်မူ ပေးပါမည်ဟုပြန်လည် မိန့်ကြားပြီး ၎င်းတို့ ဆက်ကပ်သည့် ပန်းကုံးအား လက်ခံခဲ့သည့် အိပ်မက်ကို မြင်မက်ကြောင်း သိရသည်။ ဆရာတော်ဘုရားကြီးမှ ထူးဆန်းသော အိပ်မက်၌ ၎င်း၏ မြို့ရွာအမည်ကို မမေးမိလိုက်ကြောင်းလည်း သိရသည်။

 
{ ဂူအတွင်း လျောင်းတော်မူဘုရား }
 

ဤသို့ဖြင့် ဆရာတော်ဘုရားကြီးသည် မိုင်းဖြတ်သို့ ခေတ္တခဏ သီတင်းသုံးစဉ် မိုင်းဖြတ် နှင့် မိုင်းယောင်းကြား၌ မြို့တစ်မြို့ ရှိပါသေးသလားဟု ဆရာတော်ဘုရားကြီးမှ ဒကာ၊ ဒကာမ များအား မေးမြန်းရာ ဒကာ၊ ဒကာမများက မရှိပါကြောင်း ဖြေကြားသည့်အတွက် ဆရာတော်ဘုရားကြီးမှ ဆက်လက်၍ မိုင်းယောင်းသို့ ခရီးထွက်လာခဲ့ပြီး မိုင်းယောင်း(၁၉)မိုင်ကျောင်း၌ နေ့ဆွမ်းဘုန်းပေးရင်း အဆိုပါအတိုင်း မေးမြန်းရာ မရှိကြောင်းသာဖြေကြသည်။

ဆရာတော်ဘုရားကြီးသည် မိုင်းယောင်းမှ မိုင်းလင်းကျောင်းတိုက်သို့ ပြန်၍ ကြွမည့်ည၌ ဆရာတော်ဘုရားကြီးအား ပထမအိပ်မက်ထဲကအတိုင်း ပင့်ဖိတ်လျှောက်ထားသည့် အိပ်မက်ကို မြင်မက်ပြန်ရာ ပထမနည်းတူ မြို့ရွာအမည်ကို ဆရာတော်ဘုရားကြီးမှ မမေးမိပေ။  ဒကာ၊ ဒကာမများအား ဆရာတော်ဘုရားကြီးမှ (၁၉)မိုင်နှင့် မိုင်းဖြတ်အကြားတွင် မြို့ရှိသေးသလားဟု မေးမြန်းသော်လည်း ဒကာ၊ ဒကာမများမှ မရှိကြောင်းပါဟုသာ ဖြေသည့်အတွက် ဆရာတော်ဘုရားကြီးမှ ဆက်လက်၍ မိုင်းလင်းသို့ ပြန်လည် ကြွတော်မူခဲ့သည်။

၂၀၀၇ခုနှစ် နှင့် ၂၀၀၈ခုနှစ်တို့တွင်လည်း ဆရာတော်ဘုရားကြီးမှ ကျိုင်းတုံသို့ ကြွရန် အစီအစဉ်ရှိသည့်အခါ အဆိုပါအတိုင်း အိပ်မက်မြင်မက်ပြန်သည်။ သို့သော်လည်း မရောက်ခဲ့ပေ။ အဆိုပါအတိုင်း ၂၀၀၉ခုနှစ် မိုင်းယန်း - မိုင်းခတ် ခရီးစဉ်တွင်လည်း အသွားရော အပြန်ပါ လာရောက် အိပ်မက်ပေးပြန်ရာ ဆရာတော်ဘုရားကြီးမှ မိုင်းဖြတ်တွင် ခေတ္တနားပြီး မိုင်းဖြတ် - မိုင်းယောင်းကြားတွင် လက်ရှိမြို့မဟုတ်ပဲ ယခင်မြို့ဟောင်း အမည်တွင်သည့် မြို့ရွာများ ရှိသေးသလားဟု ဒကာ၊ ဒကာမများအား မေးမြန်းရာ မိုင်းဟိဟူသော မြို့ဟောင်း၊ ယခုကျေးရွာ တစ်ရွာရှိကြောင်း ဖြေသည့်အခါမှာ ဆရာတော်ဘုရားကြီးမှ အဆိုပါ ရွာအထိကားဖြင့် သွားပြီး မိုင်းဟိရွာမှ မိုင်းဟိဂူထိ လမ်းလျှောက်ကြွခဲ့လေသည်။

 မဆုတ်တမ်း ဇွဲလုံံ့လဖြင့် သာသနာပြုနေသည့် မိုင်းလင်းဆရာတော် }
 

ဆရာတော်ဘုရားကြီး နှင့် လိုဏ်ဂူတော်
အဆိုပါ ဂူသို့ရောက်သောအခါ ဂူပေါက်ဝတွင် ဆရာတော်ဘုရားကြီးမှ အဓိဋ္ဌာန်ပြု၍ ဂူဝကျောက်နံရံအား ညာလက်ဖြင့် ပုတ်လိုက်ရာ တစ်ကိုယ်လုံး တစ်ကြိမ်တစ်ခါမှ မဖြစ်ဖူး မကြုံဖူးလေသော ကြက်သီးမွေးညှင်းများ ထလာခဲ့ကြောင်း သိရသည်။

ဆရာတော်ဘုရားကြီးသည် ဂူအတွင်း၌ ညပိုင်း သီတင်းသုံး၍ မေတ္တာပွားများကာ တရားထိုင်နေစဉ် အိုးစည် ဗုံမောင်းတီးကာ ရွှေဝေါယာဉ်ဖြင့် ၎င်းတို့ နန်းတော်အတွင်းသို့ ကြွရောက်ပေးပါရန် ပင့်ဆောင်ပြီး ၎င်းတို့မှ ဆရာတော်ဘုရားကြီးအား ပင့်ဆောင်ထားသည်မှာ (၃)နှစ်မျှ ကြာပြီးမှ ကြွတော်မူလာသဖြင့် မျှော်နေရသည်မှာ မောလှပြီဟု ဆိုသောအခါမှ ဆရာတော်ဘုရားကြီးအား အိပ်မက်ထဲ၌ လာရောက်ပင့်ဆောင်သည့် ပုဂ္ဂိုလ်များမှာ အမှန်စင်စစ်၌ လူမဟုတ်ပဲ နတ်များဖြစ်နေကြောင်း ယခုမှ သိရှိရလေသည်။

{ ဆရာတော် အဆောင်နေရာ } 

နတ်များပင့်ရာ ဆရာတော်ဘုရားကြီးကြွချီ
၎င်းတို့၏ ပင့်ဆောင်မှုကို ဆရာတော်ဘုရားကြီးမှ လမ်းလျှောက်၍ ကြွမည်ဟု ဆိုသော်လည်း ကုသိုလ်ယူပါရစေဟု လျှောက်ထားသည့် အတွက် ဝေါယာဉ်ဖြင့် စီးကာ ကြိုဆိုနေသော မြို့ရွာများအား ဖြတ်၍ နန်းတော်၏ အစည်းအဝေးခန်းမကို ရောက်ရှိခဲ့သည်။ အဆိုပါ နန်းတော်၏ အစည်းအဝေးခန်းမမှာ ကျိုင်းတုံ၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ ကျေးဟုန်၊ လန်းချား(လာအို) နှင့် လန်းနား(ကျင်းမိုင်)တို့မှ ဘုရင်များကို (၁)ပါးစီ အစီအစဉ်အလိုက် ဆရာတော်ဘုရားကြီးအား မိတ်ဆက်ပေးပြီး ဆရာတော်ဘုရားကြီးအား ရိုးရာပွဲလမ်း သဘင်များဖြင့် ပူဇော်ဆက်ကပ်ပြီး အဆိုပါ ဘုရင်များမှ မည်သည့်အတွက်ကြောင့် နတ်မင်းများလာဖြစ်နေရခြင်းကို လျှောက်ထားပြီး ဆရာတော်ဘုရားကြီးထံ ၎င်းတို့မှ ငါးပါးသီလတောင်း၍ ဆရာတော်ဘုရားကြီးမှ ငါးပါးသီလပေးကာ မေတ္တာပို့ အမျှဝေသောအခါ ရေစက်သံကြားမှ ဆရာတော်ဘုရားကြီးသည် တရားထိုင်နေရင်း သတိပြန်လည်ဝင်လာကာ ဆရာတော်ဘုရားကြီးမှ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဆရာတော်ဘုရားကြီး တရားထိုင်နေစဉ် နတ်လောကသားများ၏ လာရောက်ပင့်ဆောင်မှုကို အာရုံဖြင့် ကြွသွားတာပဲဟု မှတ်ချက်ချလိုက်လေသည်။

 

"စွမ်ဟိန်းဂူ"ဟု ခေါ်ဆို သမုတ်
အဆိုပါ လိုဏ်ဂူအတွင်း ရှေ့အဆက်ဆက် မင်းများမှ ပစ္စည်းဥစ္စာရတနာများအား သိုဝှက်မြှုပ်နှံခဲ့ပြီး တပ်မက်စိတ်၏ စွဲလမ်းမှုများကြောင့် နတ်ရွာစံပြီးနောက် အချို့သော မင်းများသည် ဤဂူအတွင်း၌ အစောင့်မင်းများအဖြစ် သော်လည်းကောင်း နဂါးမင်းများအဖြစ် သော်လည်းကောင်း စောင့်ရှောက်နေကြသော ဂူဖြစ်ခြင်း၊ ရဟန်းများ တရားအားထုတ်ပြီး ရဟန္တာဖြစ်ကာ ပရိနိဗ္ဗာန်ပြုတော်မူသွား၍ ဓါတ်တော်များ ကျန်ရှိနေခဲ့သည့် ဂူဖြစ်ခြင်း၊ ထွက်ရပ်ပေါက် ပုဂ္ဂိုလ်နှင့်ရသေ့များ တရားကျင့်၍ သီတင်းသုံးတော်မူခဲ့သည့် ဂူဖြစ်ခြင်းတို့ကြောင့် မိုင်းလင်းဆရာတော်ဘုရားကြီး သဒ္ဒမဇောတိကဓဇ ဘဒ္ဒန္တဝိမလ မှ "စွမ်ဟိန်းဂူ"ဟု အမည်ပြောင်းလဲခေါ်ဆိုခဲ့သည်မှာ ယနေ့ထိပင် ဖြစ်သည်။

 

တစ်နည်းခေါ်ဆို "ဓမ္မဂမ္ဘီရ သာသနာ့လိုဏ်ဂူတော်"
အဆိုပါ လိုဏ်ဂူတော်ကြီးတွင်  တရားတော်သိသော နတ်မင်းများ နေထိုင်ခြင်း နှင့် သာသနာစောင့် ရသေ့၏ အမည်နာမကိုလည်း အစွဲပြု၍သော်လည်းကောင်း လိုဏ်ဂူတော်၏ နက်နဲဆန်းကြယ်မှုများအား အစွဲပြု၍ အဆိုပါ လိုဏ်ဂူတော်အတွင်း ဆင်းတုတော်၊ ရုပ်ပွားတော်ပေါင်း ရှစ်သိန်းလေးသောင်း တည်ထားကိုးကွယ်ရန် ရည်သန်ထားသည့်အတွက် "ဓမ္မဂမ္ဘီရ သာသနာ့လိုဏ်ဂူတော်"ဟူ၍လည်း ခေါ်ဆိုသည်။

 
{ လိုဏ်ဂူအတွင်း စေတီတည်ထားကိုးကွယ် }
 

သူတော်ကောင်းတို့ တရားကျင့်ကြံ အထူးပျော် လိုဏ်ဂူတော်
လိုဏ်ဂူတော်အတွင်း ရဟန္တာ(၁၆)ပါး တရားကျင့်ကြံအားထုတ်ရင်း ပရိနိဗ္ဗာန်ပြုတော်မူသွားခဲ့ပြီး အစောင့်နတ်မင်းများ၏ ပြသမှုတို့ကြောင့် ရဟန္တာ (၄)ပါး၏ ပရိနိဗ္ဗာန်ပြုတော်မူသွားသည့် နေရာတွင် ဓါတ်တော်များ ရရှိ ပူဇော်ထားခွင့်ရခဲ့ပြီး ကျန်ရဟန္တာများ၏ ဓါတ်တော်များကိုတော့ နတ်မင်းများမှ ညွှန်ပြခြင်းမရှိသေးတာကြောင့် မတွေ့ရှိသေးကြောင်း သိရသည်။

လိုဏ်ဂူအတွင်း နက်နဲထူးဆန်းခြင်း
မိုင်းတင်း၊ လန်းဆတ်၊ နမ့်နန်းတို့မှ စီးဆင်းလာသော ချောင်းရေများ အားလုံးတို့သည့် လိုဏ်ဂူတော်ကြီး အတွင်းသို့ ဝင်ရောက် ဖြတ်သန်းစီးဆင်းကာ မိုင်းယောင်းမြို့နယ်ဖက်သို့ သွားပေါက်သည့်အတွက် လိုဏ်ဂူတော်ထဲတွင် ချောင်းကြီးတစ်ချောင်း ရှိနေသည်ကို သိရသည်။ ဂူအတွင်း၌ ဖြစ်တည်နေသော ကျောက်ဆစ်ရေကျ ပုံသဏ္ဍာန်များ၊ နတ်ရုပ်သဏ္ဍာန်များ၊ စေတီသဏ္ဍာန်များဖြင့် ထူးခြားဆန်းကျယ်စွာ ဖြစ်ပေါ်နေသည်မှာ အံ့သြဖွယ် ကောင်းလှပေသည်။ လိုဏ်ဂူတော်၏ အချို့သော ကျောက်ဆောင်များအား ထုကြည့်ပါက ကျောက်မောင်းသဖွယ်ရှိနေတာကိုလည်း တွေ့ရှိရသည်။ ဤဂူသည် လမ်းကြောင်း (၄)ကြောင်း ပွင့်ပြီး ပထမလမ်းကြောင်းသည် ကျိုင်းတုံ ထမ့်ဖာတသို့ လည်းကောင်း၊ မိုင်းယောင်းဂူသို့ လည်းကောင်း၊ ထမ့်လုံ(လာအို)ဂူသို့ လည်းကောင်း၊ ထမ်ကျင့်လောင်ဂူသို့ လည်းကောင်း ပေါက်ကြောင်း နှင့် ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံ နှင့် လာအိုနိုင်ငံတို့ရှိ ဂူပေါင်းများစွာ၌ တရားထိုင်ခဲ့သော်လည်း ယခု လိုဏ်ဂူတော်လောက် သန့်ရှင်းမြင့်မြတ်မှုမရှိဟု မိုင်းလင်းဆရာတော်ဘုရားကြီးမှ မိန့်ကြားတော်မူသည်။

 
{ သာသနာ့ ညီနောင် နှစ်ပါး မိုင်းဖုန်းဆရာတော် နှင့် မိုင်းလင်းဆရာတော် }
 

မိုင်းဖုန်း မိုင်းလင်း သာသနာ့ ညီနောင်နှစ်ပါး
မိုင်းဖုန်းဆရာတော်ဘုရားကြီး နှင့် မိုင်းလင်းဆရာတော်ဘုရားကြီး သာသနာ့ညီနောင် နှစ်ပါးတို့သည် သစ္စာရေသောက်ကာ ဤဓမ္မဂ္ဘီရ သာသနာ့လိုဏ်ဂူတော် အတွင်း  မဆုတ်တမ်း ဇွဲလုံ့လတို့ဖြင့် သာသနာပြုသွားကြမည် ဖြစ်ကြောင်း သာသနာ့ညီနောင်နှစ်ပါး သစ္စာဆိုခဲ့ကြောင်း သိရသည်။

ခမ်းနားမှုအသွင် မွမ်းမံပြုပြင်
ယခုအခါမှာ အဆိုပါ သန့်ရှင်းမွန်မြတ်သော လိုဏ်ဂူတော်အတွင်း မိုင်းလင်းဆရာတော်ဘုရားကြီးမှ သာသနာပြုရန် စိတ်ရည်မှန်းကာ ပြုပြင်မွမ်းမံနေလျှက်ရှိရာ လိုဏ်ဂူအတွင်း၌ စေတီများ ရုပ်ပွားဆင်းထုတော်များ နှင့် တရားအားထုတ်ရန်နေရာများ အပြင် မိုင်းဖုန်းဆရာတော်ဘုရားကြီး တရားအားထုတ်ရန် နေရာကိုလည်း ထားရှိ ထားပြီး ဂူအတွင်း၌ ရရှိထားသော ဓါတ်တော်များအား ဋ္ဌာပနာ၍ စေတီများစွာ တည်ထားကိုးကွယ်ရန် အတွက်လည်း ဆောင်ရွက်နေလျှက်ရှိသည်။

ဤခရီးမဝေးပါ
တာချီလိတ်မြို့ နှင့် တစ်မြို့အကျော်တွင် တည်ရှိနေသော မိုင်းဖြတ်မြို့နယ် မိုင်းဖြတ် - မိုင်းယောင်းသွားလမ်း ( ၁၆ ) မိုင်ခန့်အကွာ ပြည်ငြိမ်းအေးကျေးရွာမှ တဆင့် (၅)မိုင်ခန့် အကွာတွင် ထူးခြားတင့်တယ်စွာ နက်နဲဆန်းကြယ် သဘာဝအလှတရားများဖြင့် ဖြစ်တည်နေသည့် စွမ်ဟိန်းဂူ(ခေါ်) ဓမ္မဂမ္ဘီရသာသနာ့ လိုဏ်ဂူတော်သို့ ရောက်ရှိမည်ဖြစ်ပါသည်။

ကမ္ဘာလှည့်ခရီးသည်များ ခြေဦးလှည့်မည် ထူးခြားလိုဏ်ဂူဆီ
သမိုင်းအစဉ်အဆက် ဖြစ်တည်နေပြီး ထူးခြားနက်နဲမှုများ၊ သဘာဝဖြစ်ပေါ်နေမှုများ စသည့် ထူးခြားချက် များစွာတို့ကြောင့် ၂၀၁၅ အလွန်တွင် ကမ္ဘာလှည့်ခရီးသွားများ၏ ခြေဦးသည် အဆိုပါ လိုဏ်ဂူတော်သို့ လှည့်လာမည်မှာ မလွဲဖြစ်ပြီး ရှေးဟောင်းအမွေအနှစ် သဘာဝတရားများကို မှတ်တမ်းတင်၍ ကမ္ဘာ့အလယ်ကို ၎င်းတို့မှ ပြန်လည်ချပြကြမည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်သည်။ အဆိုပါ ဒေသသို့ ကမ္ဘာလှည့်ခရီးသွားများ လာရောက်ကြပါက လိုဏ်ဂူတော်၏ အနီးအနားရှိ မြို့ရွာများမှာ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပြီး  လမ်းပန်းခရီးသည်လည်း ပြေပြစ်ချောမွေ့လာမည့်အပြင် ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ၏ ဂုဏ်ဒြပ်သည် ကြီးမာလာမည်မှာ ဧကန်မလွဲပင်ဖြစ်သည်။

နိဗ္ဗာန်အကျိုး မျှော်ကာကိုး၍ လှူကြပါလေ အို...မိတ်ဆွေ
ယခုအခါမှာ ဆရာတော်ဘုရားကြီးမှ ဦးဆောင်၍ ပြုပြင်မွမ်းမံမှုများ ဆောင်ရွက်လျှက်ရှိရာ လိုဏ်ဂူတော်ကြီး ပြုပြင်မှု အမြန်ဆုံး ပြီးမြောက်စေရန် စီးပွားရေးလုပ်ငန်းရှင်ကြီးများမှ ပါဝင်အားဖြည့် ကုသိုလ်ယူ၍ လှူဒါန်းကြပါလို့ ယခုဆောင်းပါးဖြင့် တိုက်တွန်းလိုပြီး လိုဏ်ဂူတော်၏ အံ့မခန်း ဆန်းကြယ်မှုများကိုလည်း သွားရောက် လေ့လာ ဖူးမျှော်နိုင်ဖို့ တိုက်တွန်းရေးသား ဖော်ပြလိုက်ပါသည်။

ဆောင်းပါးရှင် ။     ။ ကိုဇောင်း
 
 
မှတ်ချက်။     ။ ဆရာတော်မိန့်ကြားချက်ကို မိုင်းဖြတ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းဇော်မှ ပြန်လည်ရေးသားထားသည့် ဓမ္မဂမ္ဘီရ သာသနာ့လိုဏ်ဂူတော်ကြီး သမိုင်းစာအုပ်အား မှီငြမ်းထားသည်။

အောက်ပါ ဆက်သွယ်ရန် လိပ်စာမှတဆင့် လိုဏ်ဂူတော် မွမ်းမံရေးအတွက် ပါဝင်လှူဒါန်းနိုင်မှာ ဖြစ်ပါသည်။
တာချီလိတ်မြို့တွင်
ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ 084-51505
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ 084-51749
မိုင်းဖြတ်မြို့တွင်
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ 084-63008
ဦးစိုင်းညွှန့်ဝင်း (ရန်ပုံငွေရှာဖွေရေးကော်မတီ) ဥက္ကဌ၊ 094-28310022
ဦးစိုင်းရွက် (ရန်ပုံငွေရှာဖွေရေးကော်မတီ) အတွင်းရေးမှူး၊ 094-58031943

 
 
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
 
 

Ko Zaung is the editor-in-chief of Tachileik News Agency.