ကချင်အမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားတွင် KIO ၏ လုပ်သက်ရင့် ဝန်ထမ်း (၂၇၀)ကျော်ကို ဆုတံဆိပ် နှင့် ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်

ကချင်အမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားတွင် KIO ၏ လုပ်သက်ရင့် ဝန်ထမ်း (၂၇၀)ကျော်ကို ဆုတံဆိပ် နှင့် ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်
ဖေဖော်ဝါရီ 5, 2022 | နိုင်ငံရေး

 ကချင်အမျိုးသားတော်လှန်ရေးနေ့ (၆၁)နှစ်ပြည့် အခမ်းအနားကို ယနေ့ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၅)ရက်နေ့ နံနက်က  ကချင်ပြည်နယ် လိုင်ဇာမြို့တွင် ပြုလုပ်ပြီး KIO ၏  လုပ်သက်ရင့် ဝန်ထမ်းဦးရေ (၂၇၀)ကျော်ကို ဂုဏ်ပြုဆု နှင့် လက်မှတ်များ ပေးအပ်ချီးမြှင့်ကြောင်း Kachin Net သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

 

အဆိုပါ အခမ်းအနားတွင် KIO ဗဟိုကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး Nban La ၏ (၆၁)နှစ်မြောက် ကချင်အမျိုးသားတော်လှန်ရေးနေ့ မိန့်ခွန်းကို KIO ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး Salang Kaba Kumhtat Hting Nan မှ ကိုယ်စားဖတ်ကြားခဲ့ပြီး KIO ဗဟိုကော်မတီ ဒုဥက္ကဋ္ဌ၊ KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Gunhtang Gam Shawng မှ KIO ဥက္ကဋ္ဌ ၏ မိန့်ခွန်းအား ရှင်းလင်းတင်ပြပြီးနောက် မဟာမိတ်တိုင်းရင်းသားညီနောင်အဖွဲ့များမှ ပေးပိုလာသည့် သဝဏ်လွှာများကို ဖတ်ကြားခဲ့သည်။

အခမ်းအနားတွင် KIO ၏ လုပ်သက်ရင့် ဝန်ထမ်းများကို ဂုဏ်ပြုဆု နှင့် ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ရာတွင် ဝန်ထမ်းသက်တမ်း(၅၀)နှစ်ရှိ အရာရှိ(၄)ဦးကို နှစ်(၅၀)ပြည့် ရွှေတံဆိပ်ဆုနှင့် အခြားဆုများချီးမြှင့်သည်။

ယင်းအပြင် ဝန်ထမ်းသက်တမ်း နှစ်(၄၀)ပြည့် တာဝန်ထမ်းဆောင်သူ (၇)ဦး၊ နှစ်(၃၀)ပြည့် သူ(၃၀)ဦး၊ နှစ်(၂၀)ပြည့် တာဝန်ထမ်းဆောင်သူ (၃၇)ဦး၊ (၁၀)နှစ်ကြာ တာဝန်ထမ်းဆောင်သူ(၁၅၆)ဦးနှင့်  နှစ်အကြာတာဝန်ထမ်းဆောင်သည့် အမျိုးသမီး(၃၇)ဦးတို့ကို ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ကြောင်း သိရှိရသည်။

 Kachinland News - Kachin Edition



#TachileikNewsAgency

Photo: KachinNet burmese