တာချီလိတ်မြို့တွင် (၃)ရက် ဆက်တိုက် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် လွတ်ငြိမ်းဖြင့် ပြန်လွတ်လာသူအချို့ကို ရဲစခန်းက ခေါ်ယူ စစ်ဆေးနေ

တာချီလိတ်မြို့တွင် (၃)ရက် ဆက်တိုက် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် လွတ်ငြိမ်းဖြင့် ပြန်လွတ်လာသူအချို့ကို ရဲစခန်းက ခေါ်ယူ စစ်ဆေးနေ
ဇန်နဝါရီ 12, 2022 | ရှမ်းရှေ့

တာချီလိတ်မြို့တွင် (၃)ရက် ဆက်တိုက် ဗုံး‌ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် အောက်တိုဘာလအတွင်းက လွတ်ငြိမ်းဖြင့် လွတ်မြောက်လာသူ အချို့ကို တာချီလိတ်မြို့မရဲစခန်းတွင် ဇန်နဝါရီလ(၁၂)ရက်နေ့အထိ ခေါ်ယူ စစ်ဆေးမှုများ ပြုလုပ်နေသည်။

ရပ်ကွက်ထဲက ကောင်လေးကို ရဲတွေက ကားနဲ့လာခေါ်သွားတာတွေ့လိုက်တယ်။ ကြားတာကတော့ ပေါက်ကွဲမှုတွေနဲ့ ပတ်သက်ပြီး မေးချင်လို့ ခေါ်သွားတယ်လို့ ကြားတာပဲ။ နောက်ပြီး လူငယ်အချို့ကိုလည်း ခေါ်စစ်နေတယ်လို့ ကြားတယ်။ ခုနောက်ပိုင်းက အရင်လို မဟုတ်တော့ဘူးဆိုတော့ ရဲစခန်းခေါ်ပြီး စစ်ရင် တကယ်လုပ်သူ မဟုတ်ဘဲ တကယ်လုပ်တယ်ဆိုပြီး သက်သက်လုပ်ကြံ အမှုဖွင့်မှာတော့  စိုးရိမ်ရတယ်။ နှစ်မကုန်ခင်တုန်းကလည်း အဲ့လို လုပ်တာတွေရှိတယ်လို့ ကြားတယ်။

ဟု ဒေသခံ တစ်ဦးက ပြောသည်။

 ၅၀၅-က ဖြင့် ဖမ်းဆီးခံရသူများကို ၂၀၂၁ခုနှစ် အောက်တိုဘာလအတွင်းက လွတ်ငြိမ်းဖြင့် ပြန်လည်လွှတ်ပေးထားချိန်တွင် အားလုံးကို တာချီလိတ်မြို့မရဲစန်းသို့ ခေါ်ယူတွေ့ဆုံပြီး အချိန်မရွေးခေါ်စစ်မည်ဟု အသိပေးထားမှုများလည်း ရှိခဲ့သည်ဟု သိရသည်။

ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ဖြစ်နိုင်ချေတွေ၊ ဆက်စပ်မှုရှိ မရှိဆိုတာတွေနဲ့ သံသယတွေကို ခေါ်စစ်တာပါ။   သူတို့တွေက ၅၀၅-က နဲ့ ဖမ်းခံခဲ့ရသူတွေဆိုတော့ ဆက်စပ်မှုရှိမလားဆိုတဲ့ သဘောပါ။ ဗုံးခွဲသူကို ကူညီပြီး ဖော်ထုတ်ပေးဖို့ သိရင်ပြောဖို့ ပြောတဲ့ သဘောမျိုးလို့တော့ လောလောဆယ် အဲ့လို သိထားရတယ်။ ရိုက်စစ်လား မစစ်လားတော့ မသိဘူး။

ဟု အမည်မဖော်လိုသူ ဝန်ထမ်း တစ်ဦးက Tachileik News Agency သို့ ဇန်နဝါရီလ(၁၂)ရက်နေ့တွင် ပြောသည်။

တာချီလိတ်မြို့တွင် အာဏာသိမ်းစစ်ကောင်စီက ခန့်ထားသည့် ပြည်နယ်ဝန်ကြီးချုပ်၏ ခရီးစဉ်အတွင်း ပေါက်ကွဲမှု (၂)ကြိမ်နှင့် တစ်ရက်အလွန်တွင် (၁)ကြိမ် စုစုပေါင်း (၃)ကြိမ် ဖြစ်ပွား၍ စုံစမ်းမှုများ လုပ်ဆောင်နေပြီး မြို့တွင်း လုံခြုံရေးများလည်း တင်းကြပ်ထားကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ၏ ဒုတိယပတ်အတွင်း ဖြစ်ပွားခဲ့သည့် ဖောက်ခွဲမှု (၃) ခုကို   TCL.KKK.SHN အဖွဲ့က ပြုလုပ်သည်ဟု ဇန်နဝါရီလ (၁၁) ရက်နေ့ နေ့စွဲဖြင့် TCL.KKK.SHN က ထုတ်ပြန်ထားသည်ကိုလည်း တွေ့ရသည်။