တာချီလိတ်မြို့တွင် အာဏာသိမ်းစစ်ကောင်စီ၏ တပ်နှင့်ရဲက နေအိမ်လိုင်းခန်းများတွင် လိုက်လံရှာဖွေ ဖမ်းဆီးနေ

တာချီလိတ်မြို့တွင် အာဏာသိမ်းစစ်ကောင်စီ၏ တပ်နှင့်ရဲက နေအိမ်လိုင်းခန်းများတွင် လိုက်လံရှာဖွေ ဖမ်းဆီးနေ
ဖေဖော်ဝါရီ 2, 2022 | ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင်   ပေါက်ကွဲမှုဖြစ်ခဲ့ပြီးနောက် ယနေ့ ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၂) ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်စီ၏ တပ်နှင့်ရဲက လိုက်လံရှာဖွေ ဖမ်းဆီးမှုများလုပ်နေပြီး နေအိမ်လိုင်းခန်းများကို ဝင်ရောက်စစ်ဆေးကာ ဖုန်းများစစ်၍ ဖမ်းဆီးနေကြောင်း သိရသည်။

အိပ်နေတဲ့သူတွေကိုပါ နှိုးပြီး ဖမ်းသွားတာ။ ဖုန်းတွေ စစ်တယ်

ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။

တာချီလိတ်တွင် လမ်းပေါ်၌ တွေ့ရှိပါက မသင်္ကာ၍ ဖမ်းဆီးစစ်ဆေးမှုများ အချိန်မရွေးလုပ်နိုင်သည့်အတွက် ဖုန်းများကိုလည်း ရှင်းလင်းထားရန် လိုကြောင်း သတိပေးလာသည်။

အခုနောက်ပိုင်းက ဖမ်းဆီးပြီး ခေါ်စစ်တာတွေလုပ်တယ်။ အပြစ်မရှိရင်တောင် ဖုန်းထဲက ဟိုးအရင်က ဆန္ဒပြခဲ့တာတွေ။ ပိုစ့်တွေရှယ်ထားတာတွေကို ရှာပြီး ၅၀၅ နဲ့ အမှုဖွင့်တာတွေ လုပ်နေတဲ့အတွက် အာဏာစသိမ်းကတည်းကနေ ခုထိ ပိုစ့်တွေ ရှယ်တာ။ မအလ ကို ဆန့်ကျင်တဲ့ ပိုစ့်တွေ ပုံတွေ ဖျက်ထားသင့်တယ်။  

ဟု ဒေသခံတစ်ဦးက သတိပေးပြောလာသည်။

တာချီလိတ်တွင် ဖေဖော်ဝါရီလ(၁)ရက်နေ့ နေ့လည်ပိုင်းက စစ်ကောင်စီထောက်ခံပွဲအတွင်း ဗုံးကွဲမှုဖြစ်ပွားပြီးနောက်  ယင်းနေ့၏ နေ့ပိုင်းနှင့် ညပိုင်းများ အပါအဝင် ယနေ့ နေ့လည်ပိုင်းအထိ  ရဲ နှင့် စရဖက စစ်မေးရန်ရှိသည်ဟုဆိုတာ ဖမ်းဆီးခေါ်ဆောင်ခံရသူများရှိနေကြောင်း သိရသည်။

#TachileikNewsAgency