တရုတ်နှစ်သစ်ကူးပွဲဖြင့် စည်ကားနေသည့် မူဆယ်မြို့လယ်တွင် ပြည်သူ့စစ် ဝတ်စုံဝတ်ထားသူ တစ်ဦး  သေနတ်ဖြင့် ပစ်သတ်ခံရ

တရုတ်နှစ်သစ်ကူးပွဲဖြင့် စည်ကားနေသည့် မူဆယ်မြို့လယ်တွင် ပြည်သူ့စစ် ဝတ်စုံဝတ်ထားသူ တစ်ဦး  သေနတ်ဖြင့် ပစ်သတ်ခံရ

 ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့လယ် နာရီစင်အနီးတွင် ယနေ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၃၁) ရက်နေ့က တရုတ်နှစ်သစ်ကူး ဈေးဝယ်များဖြင့် စည်ကားနေချိန်တွင် ပြည်သူ့စစ်ဝတ်စုံဝတ်ထားသူတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်သွားကြောင်း သိရသည်။

"ပစ်သွားတဲ့သူကို မမိဘူး။ အခုကတော့ ဘာဖြစ်လဲ မသိဘူး။ အရင်လကတော့ မူဆယ်မြို့တွင်း ညကြီး KTV မှာ ဆော်လုရင်းလည်း ပြည်သူ့စစ်အချင်းချင်း ပစ်တာ ခတ်တာဖြစ်ကြတယ်။ ပြည်သူ့စစ်အချင်းချင်းလည်း မတည့်ကြဘူး"ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။

မော်တော်ယာဉ်တစ်စီးပေါ်တွင် ပြောက်ကြားဝတ်စုံဖြင့် အမျိုးသားတစ်ဦးကို ပစ်သတ်ခံရခြင်းဖြစ်ပြီး သေဆုံးသူမှာ ကောင်းခါးပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦးဖြစ်သည်ဟု ဒေသခံအချို့က အတည်ပြုထားသော်လည်း သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။ 

ပြည်သူ့စစ်အဖွဲ့များသည် အာဏာသိမ်းစစ်ကောင်စီတပ်၏ လက်အောက်ခံအဖွဲ့များဖြစ်ကြသည်။

မူဆယ်မြို့တွင် တရုတ်နှစ်သစ်ကူးပျော်ပွဲရွှင်ပွဲကို ယနေ့ညမှစ၍ (၃) ညကျင်းပရန်စီစဉ်ထားကြပြီး မူဆယ်လေယာဉ်ကွင်းလမ်းမပေါ်တွင် စတိတ်ရှိုးပွဲလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။