KBZ Pay အသုံးပြုသူများကို "ကုဒ်နံပါတ် မပေးပါက အကောင့်ပိတ်မယ်"ဆိုပြီး KBZ Pay Team အဖြစ် ဟန်ဆောင်သူများက လိမ်လည်နေသည့် ဖြစ်စဉ်များ နေ့စဉ်နီးပါး ဖြစ်ပွားနေ

KBZ Pay အသုံးပြုသူများကို "ကုဒ်နံပါတ် မပေးပါက အကောင့်ပိတ်မယ်"ဆိုပြီး KBZ Pay Team အဖြစ် ဟန်ဆောင်သူများက လိမ်လည်နေသည့် ဖြစ်စဉ်များ နေ့စဉ်နီးပါး ဖြစ်ပွားနေ
ဇွန် 27, 2021 | မှုခင်းသတင်း

KBZ Pay ဖွင့်လှစ်ထားသူများကို Viber ကနေ လိမ်လည်နေမှုများ ဖြစ်ပွားနေရာ ယနေ့ ဇွန်လ(၂၇)ရက်နေ့တွင် တော်တော်များများ လိမ်လည်ခံနေရပြီး နယ်စွန်နယ်ဖျား တာချီလိတ်မြို့နှင့် ရှမ်းပြည်နယ်အတွင်း KBZ Pay သုံးစွဲသူများအထိပါ ရိုက်ခတ်လာနေကြောင်း သိရသည်။

ဖုန်းနံပါတ်၊ မှတ်ပုံတင်များ အသုံးပြု၍ ဖွင့်လှစ်ထားသည့် KBZ Pay ( Account ) ပိုင်ရှင်များကို ဖုန်း Messages  နှင့် Viber မှ ဆက်သွယ်၍ အတည်ပြုနံပါတ်များ မှတ်ပုံတင်နံပါတ်များ တောင်းခံကာ ကိုယ်ပိုင်အကောင့်အတွင်း ဝင်ရောက်၍ ငွေကြေးလိမ်လည်မှုများလုပ်ဆောင်မှုရှိနေသည်ဟု Kpay အသုံးပြုသူများထံက သိရသည်။

မိမိတို့၏ ဖုန်းနံပါတ်၊ မှတ်ပုံတင်နံပါတ်များဖြင့် ဖွင့်လှစ်ထားသော KBZ Pay အကောင့်ပိုင်ရှင်များအား Viber မှ ဆက်သွယ်ကာ ကိုယ်တိုင်အသုံးပြုနေခြင်း ဟုတ် မဟုတ် စာပို့၍မေးမြန်းပြီး ကိုယ်ပိုင်အသုံးပြုနေပါက အကောင့် ဖွင့်လှစ်ထားသည့် အမည်၊ မှတ်ပုံတင်အမှတ်၊ ယာယီဝင်ခွင့် ကုတ်နံပါတ် စသည်တို့ကိုတောင်းခံနေခြင်း ဖြစ်သည်။ 

၎င်းကုတ်နံပါတ်အား ပြန်လည်တောင်းခံပြီး ၎င်းနံပါတ်အား ပြန်လည် ပေးပို့လိုက်ပါက လျှို့ဝှက်ကုတ်နံပါတ်ပြောင်းလဲရန် လုပ်ဆောင်ရမည်ဟု ညွှန်ကြားလာမည်ဖြစ်သည်။

မိမိတို့၏ လျှို့ဝှက်ကုတ်နံပါတ်အား မေးမြန်းလာသူထံ ပြန်လည်ပေးပို့လိုက်ပါက မိမိတို့၏ ကိုယ်ပိုင်အသုံးပြုနေသော KBZ pay account ကို  လိမ်လည်သူဖက်က ရရှိသွားမည်ဖြစ်ပြီး အကောင့်အတွင်းဝင်ရောက်ကာ ရှိနေသည့် ငွေများအားလုံးကို ပြောင်းလဲထုတ်ယူရန် လုပ်ဆောင်နေခြင်း ဖြစ်သည်။

စာတွေပို့လာပြီး ဟိုပြော ဒီပြောနဲ့၊ မှတ်ပုံတင်တောင်းတာ၊ လျှို့ဝှက်နံပါတ်တောင်းတာတွေ လုပ်တယ်။ မပေးရင် ချက်ချင်း အကောင့်ပိတ်ခံရမယ်လို့ လည်းပြောတယ်။ အစကတော့ တကယ်ထင်နေတာ။  သူတို့တောင်းတာတွေပေးမိရင် Kpay ထဲပိုက်ဆံမရှိရင်တောင် kpay နဲ့ bank account ချိတ်ထားရင် ဘဏ်အကောင့်ထဲကနေ kpayထဲ ရွှေ့ပြီး အကုန် ဆွဲယူသွားလို့ရတယ် နံပါတ်တွေ တစ်ခုပြီးတစ်ခုနဲ့ စာတွေပို့လာနေတာ

ဟု လက်တွေ့ လိမ်ခံရသူ တစ်ဦးက ပြောပြသည်။

ယင်းသို့ ဖြစ်ပေါ်မှုနှင့် ပတ်သက်၍ KBZ ဘက်က အချက်အလက်တောင်းဆိုခြင်းများမရှိသလို KBZ Pay အဖြစ် ဟန်ဆောင်ပြီး အခြားနံပါတ်ဖြင့် တောင်းလာမှုများပြုလုပ်ပါကလည်း မည်သည့်အချက်အလက်မျှ မပေးသင့်ကြောင်း ဘဏ်ဝန်ရှိသူတစ်ဦးက ဆိုသည်။

ဘဏ်ကတော့ KBZ Pay ကနေ မှတ်ပုံတင်တောင်းတာတွေ၊ Code တောင်းတာတွေ၊ Password တောင်းတာတွေကို KBZ Pay Team ကနေ လုံးဝမလုပ်ဘူး။  09969963211 ( KBZPay Call Center ) အဲ့ဖုန်းနဲ့ ခေါ်လာတာမဟုတ်ရင် လုံးဝမဟုတ်ဘူးနော်။ အကယ်၍ အဲ့ဒီဖုန်းနဲ့ ခေါ်လာရင်လည်း အဲ့လို လျှို့ဝှက်ဂဏန်းတို့၊ တခြားဝင်တာတွေ ဘာတစ်ခုမှ မတောင်းဘူး။

ဟု ဘဏ်ခွဲတာဝန်ခံတစ်ဦးဖြစ်သူက တာချီလိတ်သတင်းအေဂျင်စီသို့ ဇွန်လ(၂၇)ရက်နေ့တွင် ပြောသည်။



 KBZ Pay Team က ဟု ဖုန်း Messages နှင့် Viber တို့ကနေ စာတိုများပေးပို့ကာ လိမ်လည်မှုများလုပ်ဆောင်နေခြင်းမှာ ကြာမြင့်နေပြီဖြစ်သော်လည်း ယနေ့ ဇွန်လ(၂၇)ရက်နေ့တွင် တာချီလိတ်သတင်းအေဂျင်စီသို့ ဆက်သွယ်သတင်းပေးလာချက်အရ  အနည်းဆုံး (၇)ဦးအထိ နံနက်ပိုင်းအတွင်း၌ ဆက်သွယ်ခံထားရကြောင်း သိရသည်။

အကောင့်ကို စနစ်ပိုင်းဆိုင်ရာမြှင့်တင်မယ်ဆိုပြီး အဲ့လိုလှမ်းပြောလာတာနဲ့ ယုံပြီးတော့ ဖုန်းထဲပို့လာတဲ့ အဝင်ကုဒ် နံပါတ်ကို ပို့ပေးလိုက်တာ။ စခရင်ရှော့လဲ တောင်းတော့ ပို့ပေးလိုက်တယ်။ အဲ့ဒါပြီးတော့ အကောင့်က အဆင့်မြှင့်ပြီးပြီ Password ပြောင်းဖို့ လိုတယ်ဆိုပြီး  Passwordအဟောင်းကိုပေးပါဆိုပြီး တောင်းတော့ ယုံပြီးပေးလိုက်တာ အကောင့်ထဲရှိတဲ့ ကျပ် ၆၈,၀၀၀ ကျော်မှာ ၃,၀၀၀ ပဲ ချန်ပြီး ဖြတ်ယူသွားတယ်။ ပြီးတော့ Viber မှာလဲ တစ်ခါတည်း အဲ့ဘက်က Block သွားတယ်

ဟု တာချီလိတ်မြို့မှ KBZ Pay အသုံးပြုသူတစ်ဦးက ၎င်းအလိမ်ခံရပုံကို ပြောပြသည်။

ယခုလို ဖြစ်စဉ်နှင့် ပတ်သက်၍ သတိထားရမည့် အချက်မှာ မိမိတို့ကိုယ်တိုင် အသုံးပြုနေသည့် KBZ Pay Account ၏ လျှို့ဝှက်အဝင်ကုတ်နံပါတ်အား မည်သူ့ကိုမှ ပြန်လည်အသိပေး/ လွှဲပြောင်းပေးအပ်ခြင်း မပြုရန် KBZ Bank က အသိပေးထားကြောင်း သိရသည်။