ရေလယ်ကျွန်းဒေသကို အာဏာသိမ်းတပ် ဝင်မွှေသည့် (၅)ရက်တာအတွင်း အိမ်ခြေ (၈၅)လုံးမီးရှို့ခံရသည့်အပြင် ဒေသခံ(၆)ဦး အသတ်ခံရ

ရေလယ်ကျွန်းဒေသကို အာဏာသိမ်းတပ် ဝင်မွှေသည့် (၅)ရက်တာအတွင်း အိမ်ခြေ (၈၅)လုံးမီးရှို့ခံရသည့်အပြင် ဒေသခံ(၆)ဦး အသတ်ခံရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသကို အာဏာသိမ်းစစ်တပ်က ၂၀၂၂ ခုနှစ် ဧပြီလ (၂)ရက်နေ့မှ (၆) ရက်နေ့အထိ (၅)ရက်တာအတွင်း ပြည်သူ့နေအိမ်အဆောက်အဦ စုစုပေါင်း (၈၅)လုံးကို မီးရှို့ဖျက်ဆီးသွားပြီး အရပ်သားပြည်သူ (၆)ဦးကို သတ်ဖြတ်သွားသည်ဟု သိရသည်။

အာဏာသိမ်းစစ်တပ်က ရေလယ်ကျွန်းဒေသအတွင်း မီးလောင်ကျွန်းမှ နေအိမ် (၁၀)လုံး၊ ဖြုံဘူးမှ နေအိမ် (၅၆)လုံး၊ မိဖုရားမှ နေအိမ် (၂) အိမ်၊ ဘိုကုန်းမှ နေအိမ် (၁)လုံး၊ တောင်ကုန်းမှ နေအိမ် (၇)လုံး၊ လှေခုတ်မှ နေအိမ် (၆)လုံးနှင့် စာကြည့်တိုက် (၁)စောင်၊ ခြံယာမှ နေအိမ် (၂)လုံးတို့ကို မီးရှို့သွားခဲ့ကြောင်း သိရသည်။

ရေလယ်ကျွန်းဒေသကို အာဏာသိမ်းစစ်တပ်စတင်ဝင်ရောက်သည့် (၅)ရက်တာအတွင်း မီးလောင်ကျွန်းရွာမှ အသက် (၆၂)နှစ်အရွယ် ဦးမြင့်၊ ကျောက်ဖူးရွာမှ အသက် (၄၂)နှစ်အရွယ် ဒေါ်စီ၊ မဲကုန်းရွာမှ အသက် (၆၅)နှစ်အရွယ် ဦးဉာဏ်ထွန်း၊ ခြံယာကျေးရွာမှ အသက် (၅၀)ကျော်အရွယ် ဒေါ်မြမွေး၊ သောင်ရှေ့ရွာမှ အသက် (၂၀)အရွယ် ကိုဝေဖြိုးအောင်နှင့် ငတရော်ကျေးရွာမှ အသက် (၅၀)ကျော်အရွယ် ဒေါ်ခင်မာဌေးတို့ သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ် ဒေသတွင်း ဝင်ရောက်ချိန်တွင် ဖမ်းဆီးခံရသူများလည်းရှိပြီး အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိမ်းငှက်ပြောက်ကျားအဖွဲ့က သတင်းထုတ်ပြန်သည်။

ဖမ်းဆီး ခေါ်ဆောင်ခံရသူ တစ်ချို့လည်း ရှိနေပြီး မည်သူဖြစ်သည်ကို စုံစမ်းရ၍ မရနိုင်သေးပါ။

မီးဘေးသင့်ပြည်သူများကို လှူဒါန်းလိုပါက ကျေးရွာသို့ ဆက်သွယ်၍လည်းကောင်း သိန်းငှက်ပြောက်ကျားအဖွဲ့သို့ဆက်သွယ်၍လည်း ကောင်း လှူဒါန်းနိုင်ကြကြောင်း သိရသည်။

Photo: သိန်းငှက်ပြောက်ကျားအဖွဲ့