တာချီလိတ်မြို့ ပါလျှံအလိုတော်ပြည့်ဘုန်းကြီးကျောင်းအတွင်း အင်အား(၄၀)ဝန်းကျင်ဖြင့် ဝင်ရောက်ရှာဖွေ ခံရ

တာချီလိတ်မြို့ ပါလျှံအလိုတော်ပြည့်ဘုန်းကြီးကျောင်းအတွင်း အင်အား(၄၀)ဝန်းကျင်ဖြင့် ဝင်ရောက်ရှာဖွေ ခံရ
ဇန်နဝါရီ 27, 2022 | ရှမ်းရှေ့

တာချီလိတ်မြို့ ရန်အောင်ရပ်ကွက်၊ ပါလျှံ(၁)အတွင်းရှိ ပါလျှံအလိုတော်ပြည့်ဘုန်းကြီးကျောင်းအတွင်း အာဏာသိမ်းစစ်ကောင်စီ၏ လက်အောက်ခံ စစ်တပ်နှင့်ရဲတို့ ဝင်ရောက်ရှာဖွေမှုများ လုပ်ဆောင်သွားကြောင်း သိရသည်။

ယနေ့ ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၂၇)ရက်နေ့ ညနေပိုင်းက စစ်သားနှင့်ရဲ လက်နက်အပြည့်အစုံဖြင့် အင်အား (၄၀)ဝန်းကျင်  လာရောက်ကာ ဘုန်းကြီးကျောင်းအတွင်း လူစိမ်းလက်ခံထားခြင်း ရှိ မရှိ ရှာဖွေခြင်း ဖြစ်သည်ဟု သိရသည်။

ဘုန်းကြီးကျောင်းထဲက စစ်သားတွေရော ရဲတွေရော ဝင်သွားတာ လန့်သွားတာပဲ။ ဘယ်သူ့ကို လာဖမ်းတာလဲ ဆိုပြီး စိတ်ပူနေတာ။ နောက်တော့ သိရတာက လူစိမ်းလက်ခံထားခြင်း ရှိ မရှိဆိုပြီး လာရှာတာတဲ့။ ကျောင်းတိုက်ထဲက အခန်းတွေမှာ တစ်ခန်းပြီး တစ်ခန်း ဝင်ရှာတယ်လို့ သိရတယ်

ဟု ပါလျှံ(၁)နေသူ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

တာချီလိတ်မြို့ပေါ်ရပ်ကွက်များအနက် ရန်အောင်မြေရပ်ကွက်အတွင်းရှိ ပါလျှံ(၁)သည် စစ်တပ်နှင့်ရဲတို့၏ ဝင်ရောက်စစ်ဆေးမှု အများဆုံးခံရသည့် ရပ်ကွက်ဖြစ်သည်။

ကျွန်တော်တို့ ပါလျှံဘက်ကို မျက်စိအတော်ကျနေပုံရတယ်။ ခဏခဏ လာစစ်တာတွေ လုပ်တယ်။ ဒီနေ့လည်း သူတို့တွေ အလိုတော်ပြည့်ဘက် သွားလိုက်တာတွေ့တယ်။ တာချီလိတ်မှာက တိမ်းရှောင်သူတွေအတွက်က ဘုန်းကြီးကျောင်းတို့ အသိမိတ်ဆွေတွေရဲ့အိမ်တို့ဆိုတာက ကြာကြာ မလုံခြုံဘူး။ အလုံခြုံဆုံးကတော့ KTV နဲ့  ကလပ်တို့၊ ဘားတို့ပဲလေ၊ အဲ့ဒီနေရာတွေမှာ ဝင်ရှာတာမရှိတော့ ရှောင်ရ ပုန်းရ အဆင်ပြေတယ်။   ဂိမ်းခုံမှာဆိုရင်တော့ စစ်တပ်နဲ့ ရဲရဲ့ အင်ဖော်မာတချို့ လွှတ်ထားတာရှိလို့ မလုံခြုံဘူး။ စကားတွေ လွှတ်ကနဲမပြောမိဖို့တော့လိုတယ်

ဟု  ပါလျှံနေသူ တစ်ဦးက ပြောသည်။

တာချီလိတ်မြို့တွင် ဇန်နဝါရီလ၏ ဒုတိယပတ်အတွင်းက စ၍ ယနေ့အထိ မြို့တွင်းလှည့်လည်စစ်ဆေးမှုများ နှင့် ဖမ်းဆီးမှုများ လုပ်ဆောင်နေလျက်ရှိကြောင်းသိရသည်။