ဒီးမော့ဆိုမြို့နယ်တွင်း တိုက်ပွဲတွင် အာဏာသိမ်းစစ်ကောင်စီတပ်က အရပ်သား (၅)ဦးကို သတ်ပြီး လိမ်လည် ဝါဒဖြန့်နေ

ဒီးမော့ဆိုမြို့နယ်တွင်း တိုက်ပွဲတွင် အာဏာသိမ်းစစ်ကောင်စီတပ်က အရပ်သား (၅)ဦးကို သတ်ပြီး လိမ်လည် ဝါဒဖြန့်နေ
ဇန်နဝါရီ 25, 2022 | ကယား

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ စံပြ(၆)မိုင်ကျေးရွာအုပ်စု၊ ဟိုဖိတ်ကျေးရွာတွင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၂၄)ရက်နေ့က ဒေသခံ(၅)ဦး သေဆုံးနေခြင်းမှာ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီလက်ချက်ဖြစ်ကြောင်း  ဒီးမော့ဆို PDF က ယနေ့ ဇန်နဝါရီလ(၂၅)ရက်နေ့တွင် ထုတ်ပြန်အသိပေးထားသည်။

ထိပ်တုံးခတ်လျှက်သေဆုံးနေသည့် အမျိုးသား(၄)ဦး၊ အမျိုးသမီး (၁)ဦး စုစုပေါင်း(၅)ဦးကိုတွေ့ရပြီး အကြမ်းဖက်စစ်ကောင်စီတပ်က ၎င်းတို့ကိုယ်တိုင်သတ်ဖြတ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကျူးလွန်သည်ဟု ဝါဒဖြန့်နေကြောင်း သိရသည်။

ရက်စက်စွာ မတရားသတ်ဖြတ်ခံရသော ပြည်သူ(၅)ဦးအတွက် ဝမ်းနည်းရကြောင်း ဒီးမော့ဆို PDF က သတင်းထုတ်ပြန်သည်။

အာဏာသိမ်းစစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားရာ ကျေးရွာအတွင်း ၎င်းတို့၏ သတင်းပေးဒလံများ၊  နောက်မြှီးဆွဲသူခိုးများကို သတ်ဖြတ်ကာ တော်လှန်ရေးတပ်ဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ်များက လုပ်သည်ဟုဆိုကာ ဝါဒဖြန့်နေကြကြောင်း ကရင်နီအမျိူးသားများကာကွယ်ရေးတပ်ဖွဲ့(KNDF)ကလည်း ထုတ်ပြန်အသိပေးထားသည်ကို တွေ့ရသည်။

ယမန်နေ့ ဇန်နဝါရီလ (၂၄) ရက်က ဒီးမော့ဆိုမြို့နယ်၊ စံပြ(၆)မိုင်နှင့် (၅) မြောင်း စိုက်ကွင်းတို့တွင်  စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီတပ်မတော် (KA)၊ KNDF နှင့် PDF ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တို့ တစ်နေကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့ကာ အထိနာသည့် အာဏာသိမ်းတပ်က ရဟတ်ယာဉ် (၃)စီးဖြင့် လေကြောင်းပစ်ကူတိုက်ခိုက်ခဲ့သည်။

အာဏာသိမ်းအဖွဲ့သည် အာဏာစသိမ်းချိန်မှစ၍ မြေပြင်မှဖြစ်စဉ်များအား ဖုံးကွယ်နိုင်ရန် သတင်းမီဒီယာများ၊ သတင်းဖြစ်စဉ်ရေးသားသည့်အရပ်သားများအား အကြမ်းဖက်ဖမ်းဆီးနှိမ်နှင်းခြင်းဖြင့် တားဆီးပိတ်ပင်မှုများလုပ်ကာ ဖြစ်စဉ်များအား လိမ်ညာဝါဒဖြန့်ခြင်းကို တစိုက်မတ်မတ်လုပ်နေသည်ကို တွေ့ရသည်။

#TachileikNewsAgency