မိုင်းလား အပါအဝင် မြို့နယ်ပေါင်း (၄၂)မြို့နယ်ကို ခရိုင်အဖြစ် ပြောင်းလဲရန် စကစ စီစဉ်နေ 

မိုင်းလား အပါအဝင် မြို့နယ်ပေါင်း (၄၂)မြို့နယ်ကို ခရိုင်အဖြစ် ပြောင်းလဲရန် စကစ စီစဉ်နေ 
ဇန်နဝါရီ 20, 2022 | ရှမ်းရှေ့

နိုင်ငံအတွင်းရှိ တိုင်းနှင့်ပြည်နယ်မှ မြို့နယ်ပေါင်း(၃၃၀)အနက် မြို့နယ်ပေါင်း (၄၂)မြို့နယ်ကို ခရိုင်အဖြစ် ပြောင်းလဲရန် အာဏာသိမ်းစစ်ကောင်စီက စီစဉ်နေကြောင်း ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၂၀)ရက်နေ့တွင် သတင်းများ ထွက်ပေါ်လာသည်။

ရှမ်းပြည်နယ်အနေဖြင့် မိုင်းယောင်း၊ မိုင်းလား၊ မိုင်းတုံ၊ တန့်ယန်း၊ ကလော၊ နမ့်စန် နှင့် မိုင်းရှူး စသည့် မြို့နယ်(၇)မြို့နယ်ကို ခရိုင်အဖြစ် ပြောင်းလဲမည်ဖြစ်ပြီး ကရင်နီ(ကယား)ပြည်နယ်အနေဖြင့် ဒီးမော့ဆို နှင့် မယ်စဲ့တို့ကို ခရိုင်အဖြစ် ပြောင်းလဲမည်ဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ်အတွင်းအနေဖြင့် တနိုင်း၊ ကရင်ပြည်နယ်အတွင်းအနေဖြင့် သံတောင်ကြီး နှင့် ကြာအင်းဆိပ်ကြီး၊ ချင်းပြည်နယ်အနေဖြင့် တီးတိန် နှင့် ပလက်ဝ၊ စစ်ကိုင်းတိုင်းအနေဖြင့် ရေဦး၊ တနင်္သာရီတိုင်း အနေဖြင့် ဘုတ်ပြင်း၊ ပဲခူးတိုင်းအနေဖြင့် ညောင်လေးပင် နှင့် နတ်တလင်း၊ မကွေးတိုင်း အနေဖြင့် ချောက် နှင့် အောင်လံ၊ မွန်ပြည်နယ်အနေဖြင့်  ရေး နှင့် ကျိုက်ထို၊ ရခိုင်ပြည်နယ်အနေဖြင့် အမ်း နှင့် တောင်ကုတ်၊ ဧရာတီတိုင်းအနေဖြင့် ကျုံပျော် နှင့် မြန်အောင်၊ နေပြည်တော်ကောင်စီနယ်မြေအနေဖြင့် ပျဉ်းမနား နှင့် ဇေယျာသီရိ တို့ကို ခရိုင်အဖြစ် ပြောင်းလဲရန် စာရင်းထည့်ထားကြောင်း သိရသည်။

ယင်းအပြင် မန္တလေးတိုင်းအနေဖြင့် တံတားဦး၊ သပိတ်ကျင်း၊ အောင်မြေသာစံ နှင့် အမရပူရ၊ ရန်ကုန်တိုင်းအနေဖြင့် တိုက်ကြီး၊ မှော်ဘီ၊ လှည်းကူး၊ မင်္ဂလာဒုံ၊ ဗိုလ်တထောင်၊ ဒဂုံမြို့သစ်၊ တွံတေး၊ ကျောက်တံတား၊ မရမ်းကုန် နှင့် ကမာရွတ်တို့ကို ခရိုင်များအဖြင့် တိုးချဲ့ဖွဲ့စည်းမည်ဟု သိရသည်။

ခရိုင်အဆင့်သို့ ပြောင်းလဲမည်ဆိုပါ ရုံးဌာနများကအစ ခရိုင်အဆင့်နှင့်အညီ ထားရှိရမည်ဖြစ်ပြီး ရာထူးတာဝန်များနှင့် ဝန်ထမ်းအင်အားပါ တိုးချဲ့ရမည်ဖြစ်သည့်အတွက် ယခုလို ခရိုင်အဆင့်တိုးမြှင့်မည့် ကိစ္စနှင့် ပတ်သက်၍ Tachileik News Agency အနေဖြင့် သီးခြား အတည်ပြုချက် မရရှိသေးပါ။

အာဏာသိမ်းစစ်ကောင်စီ လက်ထက်တွင် ယခုလို ပြောင်းလဲရန် စီစဉ်နေသည့် အလားတူ  ဦးသိန်းစိန် လက်ထက်တုန်းကလည်း မြို့နယ်ခွဲစကားရပ်အား ပြည်ထဲရေးဝန်ကြီးဌာန၏ (၂၂-၅-၂၀၁၄) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၆၁၁/၂၀၁၄)ဖြင့် ပယ်ဖျက်လိုက်ပြီး မြို့နယ်ခွဲဟူ၍ တည်ရှိမှု မရှိတော့ဘဲ ယခင်ဖွဲ့စည်းခဲ့သည့် မြို့နယ်ခွဲ(၈၄)ခုကို  မြို့အဖြစ်သာ ဆက်လက် တည်ရှိရေးအဖြစ် လုပ်ဆောင်ခဲ့သည်လည်းရှိခဲ့ပြီး အချို့ ခရိုင်များကို မြို့နယ်အဖြစ် ပြန်လည် ပြောင်းလဲဖွဲ့စည်းမှုများပါ လုပ်ဆောင်ခဲ့ရာတွင် ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်းရှိ မိုင်းဖြတ်ခရိုင်ကိုလည်း မြို့နယ်အဖြစ် ပြောင်းလဲကာ တာချီလိတ်ခရိုင်လက်အောက်သို့ ရောက်စေခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၂၀ခုနှစ် ဒီဇင်ဘာလအထိ စာရင်းများအရ ခရိုင်ပေါင်း (၇၅)ခရိုင်နှင့် မြို့နယ်ပေါင်း (၃၃၀)မြို့နယ်ရှိခဲ့ပြီး မြို့နယ်ပေါင်း (၃၃၀)မြို့နယ် လက်အောက်တွင် မြို့(၄၆၉)မြို့ရှိခဲ့သည်။  

#TachileikNewsAgency