တာချီလိတ်မြို့တွင် ထိုင်းနှင့်ကမ္ဘောဒီးယား (၃)ဦးကို ကျည်အတောင့် (၃၀၀)ဖြင့် ဖမ်းမိ

တာချီလိတ်မြို့တွင် ထိုင်းနှင့်ကမ္ဘောဒီးယား (၃)ဦးကို ကျည်အတောင့် (၃၀၀)ဖြင့် ဖမ်းမိ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ နယ်စပ်ဒေသ တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်အတွင်း နေအိမ်တစ်အိမ်အား မူးယစ်ဆေးဝါးသတင်းအရ ဝင်ရောက်ရှာဖွေရာက နိုင်ငံခြားသား(၃)ဦး နှင့် ကျည်များ ဖမ်းမိကြောင်း သိရသည်။

တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့အတွင်းရှိ အိုက်ဆိုက်၏ နေအိမ်တွင် နိုင်ငံခြားသားများ မူးယစ်ဆေးဝါးနှင့် ပတ်သက်မှုရှိကြောင့် မူးယစ်ရဲတပ်ဖွဲ့၏ အမာခံသတင်းပေးများအရ ပူးပေါင်းအဖွဲ့ဖြင့် သွားရောက်ရှာဖွေ ဖမ်းဆီးရာမှ နိုင်ငံခြားသား (၃)ဦးကို ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့မှ အိုက်ဆိုက်၏ နေအိမ်သို့ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၇)ရက်နေ့ နံနက်(၁၀)နာရီ ဝန်းကျင်အချိန်က သွားရောက်ရှာဖွေရာ နေအိမ်တွင် အိုက်ဆိုက်ကို မတွေ့ရသော်လည်း မြန်မာနိုင်ငံသား မဟုတ်သည့် နိုင်ငံခြားသား (၃)ဦးကို တွေ့ရှိ၍ နေအိမ်အတွင်း ဆက်လက်ရှာဖွေရာ ပွိုင့် ၃၈ အမျိုးအစား ကျည် စုစုပေါင်း အတောင့် (၃၀၀)ကို တွေ့ရှိသိမ်းဆည်းရမိကြောင်း သိရသည်။

ဆက်လက်၍ နေအိမ်တွင်တွေ့ရသည့် ထိုင်းနိုင်ငံသား အသက်(၃၇)နှစ်အရွယ် Mr. Suteap Phoungsamran နှင့် အသက်(၂၈)နှစ်အရွယ် Mr. Somrak Bunga အပါအဝင် ကမ္ဘောဒီးယားနိုင်ငံသား အသက်(၃၉)နှစ်အရွယ် Li Smart တို့ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ဘာသာပြန်ဖြင့် စစ်ကြောနေလျက်ရှိသလို ထွက်ပြေးတိမ်းရှောင်သွားသည့် အသက်(၄၈)နှစ်အရွယ် အိုက်ဆိုက် ဆိုသူကိုလည်း ဖမ်းမိရန် စုံစမ်းနေလျက်ရှိကြောင်း သိရသည်။

လတ်တလောဖမ်းဆီးရမိထားသည့် နိုင်ငံခြားသားများကို  လက်နက်မှု၊ လဝကအမှုများဖြင့်ပါ အမှုဖွင့်အရေးယူနိုင်ရေးအတွက် ရဲနှင့်လဝက ညှိနှိုင်းဆောင်ရွက်နေလျက်ရှိကြောင်း Tachileik News Agency ၏ သတင်းရင်းမြစ်များထံက သိရသည်။

 

ဆက်စပ်သတင်း

တာချီလိတ်မြို့တွင် မူးယစ်ဆေးနှင့်ဖမ်းမိသည့် 'ဝ'အထူးဒေသ(၂)မှ အမျိုးသား(၂)ဦး အပါအဝင် (၄)ဦးကို  စစ်ကြောရေးတွင် စစ်ဆေးနေ