တာချီလိတ်မြို့တွင် တောမီးခိုးမြူများ သိသိသာသာ ဖုံးလွှမ်းလာ

တာချီလိတ်မြို့တွင် တောမီးခိုးမြူများ သိသိသာသာ ဖုံးလွှမ်းလာ
မတ် 12, 2023 | ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မြန်မာ - ထိုင်း နယ်စပ်တစ်လျှောက် တောမီးရှို့မှုများကြောင့် မီးခိုးမြူများမှာ ယနေ့ ၂၀၂၃ခုနှစ် မတ်လ(၁၂)ရက်နေ့ နံနက်(၉)နာရီခွဲဝန်းကျင်အချိန်အထိ သိသိသာသာ ဖုံးလွှမ်းနေပြီး မျက်စိစပ်သည်အထိ ဖြစ်ပွားနေကြောင်း သိရသည်။

"ခုမနက် တောင်တွေတောင် မမြင်ရဘူး။ ဆိုင်ကယ်စီးရင်လည်း မျက်စိစပ်တယ်။ အသက်ရှုရတာလည်း တမျိုးဖြစ်နေတယ်။ မီးခိုးမြူကြောင့် နေလုံးတောင် ကောင်းကောင်းမမြင်ရတဲ့အထိ ဖြစ်နေတာ။ အရင်နှစ်ကလို မြို့တွင်း ရေမှုန်ဖျန်းတာတွေ လုပ်ပေးမှ အသက်ရှုသက်သာမယ်ထင်တယ်"ဟု ဒေသခံ တစ်ဦးက ယနေ့ နံနက်(၉)နာရီခွဲဝန်းကျင်တွင် Tachileik News Agency ကို ပြောသည်။

မီးခိုးမြူများကြောင့် "ထိခိုက်လွယ်အုပ်စုများဖြစ်သည့် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်များ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါရှိသူများ၊ နှလုံးရောဂါရှိသူများ အနေဖြင့် မလိုအပ်ဘဲ နေအိမ်ပြင်ပသို့  ထွက်ခြင်းမှ ရှောင်ကြဥ်သင့်ပါကြောင်း နှင့် မဖြစ်မနေ အပြင်ထွက်ရန်လိုအပ်ပါက နှာခေါင်းစည်း Mask များတပ်ဆင်ကြရန်" တာချီလိတ်ခရိုင်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနကလည်း အသိပေးထားရှိသည်။

တာချီလိတ်မြို့ကဲ့သို့ပင် အိမ်နီးချင်းဖြစ်သည့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင်လည်း အလားတူဖြစ်နေသည်။



နှစ်စဉ် နွေရာသီ မတ်လရောက်တိုင်း ယခုလို ဖြစ်ပွားလေ့ရှိသည်။