အာဏာသိမ်းစစ်တပ်က စစ်ရှောင်စခန်းမရှောင် လေကြောင်းမှတိုက်ခိုက်နေ၍ ဗုံးခိုကျင်းများတူးထားရန်  လုံခြုံရေးဆိုင်ရာ အရေးပေါ်ထုတ်ပြန်

အာဏာသိမ်းစစ်တပ်က စစ်ရှောင်စခန်းမရှောင် လေကြောင်းမှတိုက်ခိုက်နေ၍ ဗုံးခိုကျင်းများတူးထားရန်  လုံခြုံရေးဆိုင်ရာ အရေးပေါ်ထုတ်ပြန်
ဇန်နဝါရီ 17, 2022 | ကယား

အာဏာသိမ်းစစ်တပ်က ကရင်နီပြည်နယ်အတွင်း စစ်ဘေးရှောင်စခန်းပါမချန် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်းတို့အပြင် ကင်းထောက်ပျံသန်းခြင်းများကို ဆက်တိုက်လုပ်နေ၍ ဆက်လက်တိုက်ခိုက်မည့် အနေအထားဖြစ်နေသည့်အတွက် ကရင်နီပြည်သူ့လုံခြုံရေးဆိုင်ရာ အရေးပေါ်ထုတ်ပြန်ကြေညာချက်ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၁၇) ရက်နေ့တွင် ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ(KSCC)က ထုတ်ပြန်ကြေညာထားသည်။

ပြည်သူများအတွက် အရေးပေါ်လုံခြုံရေးဆိုင်ရာ သတိပေးချက်ကို ကရင်နီအစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနကလည်း ထုတ်ပြန်ထားပြီး ဗုံးခိုကျင်းများတူးထားကြရန်၊ တိုက်လေယာဉ်ပျံသန်းလာသည့် အသံကြားသည့်အခါ သတိပေးခြင်း၊ အချက်ပေးခြင်းများကို အလေးထားကြရန်၊ ပြည်သူများအနေဖြင့် မိမိတို၏ လုံခြုံရေးဆိုင်ရာ လေကြောင်းရန်မှ ကာကွယ်ပေးနိုင်ရန်အတွက် တိုက်လေယာဉ်များ ရောက်ရှိလာပါက လမ်းပေါ် ထွက်ကြည့်ခြင်း လုံးဝမပြုလုပ်ရန် ဗုံးခိုကျင်းထဲသို ဝင်ရောက်ပုံးခိုကြရန် သတိပေးထားသည်။

ယင်းအပြင် တိုက်ပွဲဖြစ်ပွားနေသည့် ကာလအတွင်း သွားလာလှုပ်ရှားမှုမလုပ်ကြရန်နှင့် လွတ်မြောက်ရာနေရာသို့ ရွှေ့ပြောင်းကြရန်၊ မြို့နယ်အတွင်း ပိတ်မိနေသော ပြည်သူများရှိပါက အရေးပေါ်ကယ်ဆယ်ရေး လုပ်ဆောင်နေသည့် အသင်းအဖွဲ့များသို အသိပေးရန်၊ စစ်ပွဲအခြေအနေနှင့်ပတ်သက်သည့် မှန်ကန်သော သတင်းအချက်အလက်များ မျှဝေကြရန် ထုတ်ပြန်ထားသည်။

အာဏာသိမ်းစစ်တပ်က ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို သက်ညှာထောက်ထားခြင်းမရှိတော့ပဲ ကရင်နီပြည်အတွင်း စစ်ရေးအရှိန်တိုးမြှင့်လုပ်ဆောင်လာပြီး ယခုနှစ် ဇန်နဝါရီလ (၆)ရက်မှ စတင်ပြီး လေယာဉ်များ၊ ရဟတ်ယာဉ်မျအသုံးပြုကာ တိုက်ခိုက်လာသဖြင့် ယင်းကဲ့သို ထုတ်ပြန်ရခြင်းဖြစ်ကြောင်း သိရသည်။