ဘောလခဲမြို့ အခြေစိုက် အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် နန်းဖဲနှင့် ဒေါစဲခူကျေးရွာများဖက်ကို ပစ်ခတ်နေ 

ဘောလခဲမြို့ အခြေစိုက် အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် နန်းဖဲနှင့် ဒေါစဲခူကျေးရွာများဖက်ကို ပစ်ခတ်နေ 
ဇူလိုင် 19, 2021 | ကယား

ကယား (ကရင်နီ)ပြည်နယ်၊ ဘောလခဲမြို့နယ် အခြေစိုက် အာဏာသိမ်းစစ်ကောင်စီတပ်က နန်းဖဲကျေးရွာနှင့် ဒေါစဲခ​ူကျေးရွာများဖက်သို့ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့ နံနက်(၁၀)နာရီကျော်ဝန်းကျင်မှစ၍ နှစ်နာရီဝန်းကျင်ကြာအောင် လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ကြောင်း သိရသည်။ 

မနက် (၁၀)နာရီလောက်က စပစ်တာထင်တယ်။ ပစ်သံတွေ ဆက်တိုက် နားလိုက်ပစ်လိုက်နဲ့ ကြားရတာ ။ အခု ဒီဘောလခဲတပ်တွေကနေ လက်နက်ကြီးနဲ့ လှမ်းလှမ်းပစ်နေတယ်။ ပစ်တာက တော်တော်ပြင်းတယ်။ အိမ်ပါတုန်တယ်။ နန်းဖဲဖက်ကတော့ မနက်ကတည်းက ပစ်နေတာကြားတယ်။ ဒီဘောလခဲကနေတော့ မနက် (၁၀)နာရီလောက်ကနေစပြီး လှမ်းပစ်နေတာ။ အခုတော့ ပြန်ငြိမ်သွားပြီ။

ဟု ဘောလခဲဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။ 

ဘောလခဲမြို့နယ်၊ နန်းဖဲကျေးရွာနှင့် ဒေါစဲခူကျေးရွာဖက်သို့  ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့ နံနက်ပိုင်းမှစ၍  ဘောလခဲမြို့ အခြေစိုက်တပ်ရင်းများက လက်နက်ကြီးများဖြင့် ပစ်ခတ်ရာ နန်းဖဲကျေးရွာအနီး၌ လက်နက်ကြီးကျည်များ ကျရောက်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ခုလောလောဆယ် ရွာနားလေးမှာ လက်နက်ကြီးကျတယ်လို့ ပြောတယ်။ ရွာမှာ ကျန်ခဲ့တဲ့ သူတွေပြောတာ။ လောလောဆယ်မှာ ကျွန်တော်တို့က မနေ့ကတည်းက စစ်ရှောင်လာရတယ်။ တောထဲမှာပဲ။ ဒီနေ့မနက်ကတည်းက ပစ်ခတ်နေတာ ဆူညံနေတာပဲပေါ့နော်။ ​ဘောလခဲဖက်က လက်နက်ကြီးတွေပါ ထပ်ပစ်လာတယ်လို့ ပြောတယ်။

ဟု နန်းဖဲကျေးရွာ ဒေသခံတစ်ဦးကပြောသည်။ 

အာဏာသိမ်းစစ်တပ်ဘက်က လက်နက်ကြီးပစ်ခတ်မှုမှာ အပြန်အလှန်ပစ်ခတ်မှုမဟုတ်ဘဲ တစ်ဖက်သတ်ပစ်ခတ်နေခြင်းဖြစ်သည်ဟု သိရသည်။

ဇူလိုင်လ ၁၈ ရက်နေ့တွင် KNPP ၏ ထိန်းချုပ်နယ်မြေထဲသို့ အာဏာသိမ်းစစ်ကောင်စီတပ် အင်အား (၅၀) ခန့်က   နယ်မြေကျော် ဝင်ရောက်ကာ စစ်ရေးလှုပ်ရှားမှု ပြုလုပ်လာသောကြောင့်  ဘောလခဲ မြို့နယ် နန်းဖဲကျေးရွာနှင့် ကလိလျားကျေးရွာအကြား လေးထပ်ကွေ့တွင် ကရင်နီတပ်မတော် (KA ) နှင့် KNDF တပ်တို့ပူးပေါင်းအဖွဲ့နှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့ကြား နာရီဝက်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ရာတွင်လည်း စစ်ကောင်စီတပ်ဖက်က လက်နက်ကြီးများဖြင့် လိုက်လံ ပစ်ခတ်သည်ဟု သိရသည်။

လတ်တလော တိုက်ပွဲများဖြစ်ပွားနေခြင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာအဖွဲ့များက သတင်းထုတ်ပြန်ခြင်းမရှိသော်လည်း ဒေသခံများ ပြောပြချက်အရ ဇူလိုင်လ ၁၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲမှာ ကရင်နီတပ်မတော် (KA)နှင့် KNDF တို့ပူးပေါင်းသည့်တပ်နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အတည်ပြု ပြောဆိုထားသည်။ 

လက်ရှိတွင် တိုက်ပွဲများဖြစ်ဆက်တိုက် ဖြစ်ပွားလာခြင်းကြောင့် ဘောလခဲ မြို့နယ်နှင့် ဖရူဆိုမြို့နယ်အကြားရှိ ကျေးရွာများမှ ဒေသခံများ တိမ်းရှောင်နေကြရကြောင်း သိရသည်။