ဒီးမော့ဆိုမြို့၌ အာဏာသိမ်းအကြမ်းဖက်အဖွဲ့က ကက်သလစ်ဘုရားကျောင်းရှေ့တွင် စစ်ဆေးရေးဂိတ်ပြုလုပ်ထားပြီး ညပိုင်းတွင်လည်း နေအိမ်များကို လိုက်လံဖျက်ဆီးနေ၍ စစ်ရှောင်ပြည်သူများ နေရပ်ပြန်ဖို့ ခက်နေ

ဒီးမော့ဆိုမြို့၌ အာဏာသိမ်းအကြမ်းဖက်အဖွဲ့က ကက်သလစ်ဘုရားကျောင်းရှေ့တွင် စစ်ဆေးရေးဂိတ်ပြုလုပ်ထားပြီး ညပိုင်းတွင်လည်း နေအိမ်များကို လိုက်လံဖျက်ဆီးနေ၍ စစ်ရှောင်ပြည်သူများ နေရပ်ပြန်ဖို့ ခက်နေ
ဇွန် 15, 2021 | ကယား

ကရင်နီ(ကယား)ပြည်နယ်အတွင်း ဒီးမော့ဆိုမြိုနယ် စံပြ(၆)မိုင်ကျေးရွာရှိ ကက်သလစ်ဘုရားကျောင်းရှေ့တွင် စစ်ဆေးရေးဂိတ်လုပ်၍ တပ်စွဲထားသော စစ်ကောင်စီအဖွဲ့များမှာ ဇွန်လ (၁၅)ရက်နေ့ညပိုင်းတွင် ကျေးရွာရှိ နေအိမ်များအား ဖျက်ဆီးဝင်ရောက်ခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။ 

ကျွန်တော်တို့ရွာက လုံးဝ ပြန်နေလို့မရသေးဘူး။ ခုချိန်ထိ သူတို့ တပ်ချပြီး စစ်ဆေးရေးဂိတ်ပါ လုပ်ထားတာ။ ဒီညပိုင်း ကျွန်တော်တို့ တစ်ချက် အခြေနေကြည့်ပြီး ပြန်လာတာပေါ့။ သူတို့ အိမ်တွေကို သော့ရိုက်ဖျက်နေတယ်။ နေ့တိုင်း တစ်အိမ်ပြီး တစ်အိမ်ဝင်မွှေနေတဲ့ ပုံစံပဲ။ သူတို့ အိမ်တိုင်းလိုလိုကို ဝင်နေတာ။ သူတို့ လိုချင်တဲ့ ပစ္စည်းဆို ယူသွားပြီး မလိုတာဆို ဖျက်ဆီးခဲ့တယ်။ ဆန်စံပါးတွေဆို အပြင်မှာ ဆွဲ သွန်ထားတယ်။ သူတို့မသိအောင် ဒီည  ခဏ သွားကြည့်ခဲ့တာပေါ့ ။ သွားကြည့်တဲ့ချိန်မှာ အိမ်တွေကို သော့လိုက်ရိုက်ဖျက်နေတယ်

ဟု စစ်ရှောင်စခန်းတွင်စစ်ဘေးရှောင်နေရသူ စံပြ(၆)မိုင် ကျေးရွာ ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်မှ ဒီးမော့ဆိုမြို့နယ် စံပြ( ၆)မိုင်ကျေးရွာတွင် တပ်စွဲထားကာ အသစ်ဆောက်လုပ်ထားသော ကက်သလစ်ဘုရားကျောင်းရှေ့တွင် စစ်ဆေးရေးဂိတ်တစ်ခုပြုလုပ်၍ လွိုင်ကော်-ဒီးမော့ဆို လမ်းမကြီးတွင် ဖြတ်သွားဖြတ်လာ ယာဥ်နှင့်လူများအား မှတ်ပုံတင် စစ်ဆေးခြင်းများလုပ်ဆောင်နေပြီး ကျေးရွာတွင်း တပ်စွဲနေထိုင်လျှက်ရှိကြောင်း သိရသည်။ 

ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF နှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲများအား ယာယီရပ်နားကြောင်း ဇွန်လ (၁၅)ရက်နေ့တွင် ထုတ်ပြန်ခဲ့သော်လည်း ကျေးရွာများအတွင်း စစ်ကောင်စီ၏ တပ်များမှာထွက်ခွာခြင်းမရှိဘဲ  ဆက်လက်တပ်စွဲကာ နေထိုင်လျှက်ရှိကြောင်းသိရသည်။ 

KNDF နှင့် အကြမ်းဖက်စစ်တပ်တို့ ယာယီ အပစ်ရပ်လိုက်ခြင်းကြောင့် ဒီးမော့ဆိုမြို့နယ် အတွင်းရှိ စစ်ရှောင်အချို့ နေရပ်ပြန်နိုင်ကြောင်း ပြောဆိုနေသော်လည်း ကျေးရွာများအတွင်း စစ်တပ်မှ ဆက်လက်တပ်စွဲထားခြင်းကြောင့် ဒေသခံများအနေဖြင့် နေရပ်ပြန်ရန် မဖြစ်နိုင်သေးကြောင်း သိရသည်။