ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ရှိ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု အကြီးစား ဝက်မွေးမြူရေးစီမံကိန်းတွင် အနံ့ဆိုးထွက်သည်ဟု ဒေသခံများ ဝေဖန် ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ရှိ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု အကြီးစား ဝက်မွေးမြူရေးစီမံကိန်းတွင် အနံ့ဆိုးထွက်သည်ဟု ဒေသခံများ ဝေဖန်

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ရှိ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု အကြီးစား ဝက်မွေးမြူရေးစီမံကိန်းတွင် အနံ့ဆိုးထွက်သည်ဟု ဒေသခံများ ဝေဖန် ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ရှိ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု အကြီးစား ဝက်မွေးမြူရေးစီမံကိန်းတွင် အနံ့ဆိုးထွက်သည်ဟု ဒေသခံများ ဝေဖန်
ဇန်နဝါရီ 26, 2020
By Tachileik News Agency
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ရှိ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု အကြီးစား ဝက်မွေးမြူရေးစီမံကိန်းတွင် အနံ့ဆိုးထွက်သည်ဟု ဒေသခံများ ဝေဖန် 

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါကလို့လူကျေးရွာမှ တစ်မိုင်ခန့်အကွာရှိ နယ်သာလန်နိုင်ငံအခြေစိုက် De Heus Myanmar Co.,Ltd ၏ အကြီးစားဝက်မွေးမြူရေးစီမံကိန်းမှ အနံ့ဆိုးများထွက်သည်ဟု ကျေးရွာဒေသခံများက ဝေဖန်နေသည်။

"ဒီဝက်ခြံက အနံ့ထွက်တာ တစ်ခုပေါ့ ။ အရင်တစ်ခေါက်ကတည်းက ကုမ္ပဏီကိုပြောပြီးပြီ။ အနံ့ပျောက်အောင်လုပ်မယ်လို့ ပြောပေမဲ့ အခုထိ အနံ့က ထွက်နေတုန်းပဲ။ လေတိုက်လာရင် ပိုနံတယ်။ ဒီနားက ရွာတွေပေါ့။ ဒီမှာက ထီးပွင့်ကန်လည်းရှိနေတော့ လာလည်တဲ့ဧည့်သည်တွေတောင် ကျွန်တော်တို့ ရွာကိုပြောတယ်။ ဝက်ချေးအနံ့တွေ နံနေတယ်။ ဘယ်နားကလဲဆိုပြီး မေးကြတယ်။ ညညဆိုလည်း ဆူညံနေတာပဲ။ ညဆိုင်းဆင်းတာလားတော့ မသိပေမဲ့ သက်ကြီးရွယ်အိုတွေ ဖျားနာတဲ့သူတွေလည်းရှိနေတော့ ညတိုင်းဆိုတော့ ကျွန်တော်တို့လည်း မကြားချင်တော့ဘူး " 

ဟု ဝက်ခြံအနီးရှိ ဒေါပေါ်ကလဲကျေးရွာမှ ဦးကြည်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဝက်မွေးမြူရေးစီမံကိန်း စတင်အကောင်အထည်ဖေါ်နေစဉ်က အဆောက်အဦများ မပြီးသေး၍ အနံ့ဆိုးထွက်ခဲ့သော်လည်း လက်ရှိတွင် ထပ်မံဖြစ်ပွားခြင်း မရှိတော့ကြောင်းနှင့် အဆောက်အဦများ ဆောက်လုပ်စဉ်က ညဆိုင်းဆင်းရသည့်အတွက် ပတ်ဝန်းကျင်တွင် ဆူညံခြင်းဖြစ်နိုင်သော်လည်း လက်ရှိတွင် စီမံကိန်းလုပ်ငန်းအားလုံး ရာနှုန်းပြည့် ပြီးစီးသွားပြီဖြစ်ကြောင်း De Heus Myanmar Co.,Ltd ၏ စီမံကိန်း တာဝန်ခံထံမှ သိရသည်။

" အနံ့ထွက်တဲ့ကိစ္စကို ကျွန်တော်တို့ ဒေသခံတွေကို ပြန်ချပြထားမျိုးတွေရှိတယ်။ တောင်းပန်ထားတာရှိတယ်။ အရင်ဝက်တွေ ခေါ်ဆောင်တဲ့ချိန်မှာ အနံ့ထွက်တာမျိုးတွေ ရှိတယ်။ လက်ရှိခြံမှာ နည်းပညာကိုလည်း ကျွန်တော်တို့ နိုင်ငံတကာအဆင့်မီ သုံးထားတယ်။ အနံ့ကအရင်က ဒီအညစ်ကြေးသန့်စင် သိုလှောင်ရုံတွေက မပြီးစီးသေးတဲ့ အပိုင်းတွေရှိတဲ့အတွက် အခုဆို ကျွန်တော်တို့က တစ်ရာရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပါတယ်။ အခုထွက်သမျှ ဂါလံနှစ်ထောင်လောက်ကို တစ်ပတ်တစ်ခါ တစ်ခါတည်း ထရိတ်မန့်လုပ်ပါတယ်။  အသံတွေဆူတယ်ဆိုတာ ကျွန်တော်တို့ တည်ဆောက်ရေးလုပ်တဲ့ အချိန်တုန်းက အိုဗာတိုင်ဆင်းရတာတွေရှိတယ် အဲဒီချိန်ကဟာကိုပြောတာ ဖြစ်နိုင်ပါတယ်။ ခုကတော့ ဒါမျိုးမရှိပါဘူး  " 

ဟု De Heus Myanmar Co.,Ltd မှ စီမံကိန်းတာဝန်ခံ ဦးသိန်းလှိုင်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဝက်မွေးမြူရေးစီမံကိန်းနှင့် ပတ်သက်၍ ကုမ္ပဏီတာဝန်ရှိသူများနှင့် အရပ်ဖက်အဖွဲ့အစည်းများ၊ ပတ်ဝန်းကျင် ကျေးရွာသားများက ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၄) ရက်နေ့တွင် ဒေါကလိုးခူကျေးရွာ ခန်းမဆောင်တွင်  အနံ့ဆိုးထွက်သည့်ကိစ္စရပ်များ၊ ဒေသခံများ၏ ကျန်းမာရေး၊ ရိုးရာဓလေ့၊ သဘာဝပတ်ဝန်းကျင်၊ ရေအရင်းအမြစ်များအပေါ် စိုးရိမ်မှုများနှင့် ကုမ္ပဏီဖက်မှ တာဝန်ယူ တာဝန်ခံမှုများအား တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

"ကျွန်တော်တို့က ဒီမှာလာပြီးရင်းနှီးမြုပ်နှံတာဖြစ်လို့ ဒေသခံတွေရဲ့ သဘာဝပတ်ဝန်းကျင်တွေ၊ ရိုးရာဓလေ့တွေ စီးပွားရေးတွေ ထိခိုက်တဲ့ကိစ္စမျိုးမရှိအောင် အလေးထားလုပ်ဆောင်ရမှာဖြစ်တယ်။ အဲဒီအတွက် ဒေသခံတွေနဲ့ ထပ်ပြီး တွေ့ဆုံသွားမှာပါ။ သူတို့ တစ်ရာရာခိုင်နှုန်း လက်ခံနိုင်တဲ့အတိုင်းအတာထိ ကျွန်တော်တို့ဖက်ကလည်း နည်းမှန်လမ်းမှန်နဲ့ တကယ်ဆောင်ရွက်ထားတာတွေကို ချပြသွားမှာပါ  " 

ဟု De Heus Myanmar Co.,Ltd မှ စီမံကိန်းတာဝန်ခံ ဦးသိန်းလှိုင်ဝင်းက ပြောသည်။

နယ်သာလန် နိုင်ငံအခြေစိုက် De Heus Myanmar Co.,Ltd က ရင်းနှီးမြုပ်နှံမှု အမေရိကန်ဒေါ်လာ (၃) မီလီယံဖြင့် ပြင်သစ်ဝက်အမျိုးအစား  ဝက်ကောင်ရေ (၂၆၅) ကောင်အား ဒေသရာသီဥတုနှင့် ကိုက်ညီစေရန်နှင့် ရောဂါပိုးမွှားများ အလွယ်တကူ မကျစေရန် အလုံပိတ် (air-con) စနစ်အသုံးပြု မွေးမြူခြင်းဖြစ်ပြီး အညစ်ကြေးသန့်စင်သည့်စနစ်ကို အသုံးပြုထားကြောင်း သိရသည်။

ဝက်ခြံများမှ တစ်ပတ်လျှင် ရေဆိုး (၂၂၀၀) ဂါလံစွန့်ထုတ်သည့်အနက် ( ၂၁၈၆) ဂါလံအား ပြန်လည်သန့်စင် အသုံးပြုကာ ဝက်မစင် (၅၀) ကီလိုဂရမ်ကို မြေသြထုတ်လုပ်ရန် စုဆောင်းရရှိကြောင်း သိရသည်။

မျိုးရင်းဝက်မွေးမြူထုတ်လုပ်ခြင်း စီမံကိန်းလုပ်ငန်းမှ ရရှိလာသော အကျိုးအမြက်ထဲမှ အနည်းဆုံး (၂)ရာခိုင်နှုန်းအား ပတ်ဝန်ကျင်ကျေးရွာများ၏ လိုအပ်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ထုတ်ယူသုံးစွဲပေးသွားမည်ဖြစ်သည့်အပြင် ဝက်ခြံမှထွက်ရှိသည့် မြေသြဇာများကိုလည်း ပြန်လည်ဖြန့်ဝေပေး သွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးရင်းဝက်မွေးမြူထုတ်လုပ်ခြင်းစီမံကိန်းမှာ နယ်သာလန်နိုင်ငံအခြေစိုက် De Heus Myanmar Co.,Ltd သည် နှစ်(၅၀) လုပ်ကိုင်ခွင့်ဖြင့် ၂၀၁၉ ခုနှစ်မှစ၍ လုပ်ကိုင်နေခြင်းဖြစ်သည်။

Tachileik News Agency
သတင်း  - ဆန်းဖြိုးထွန်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~