ထန်တလန်မြို့အခြေစိုက် စစ်ကောင်စီတပ် ခလရ(၂၆၉)တပ်ရင်းကို ချင်းတော်လှန်ရေးတပ်များတိုက်ခိုက်ရာ စစ်ကောင်စီတပ်သားနှစ်ဦးဖမ်းမိပြီး လက်နက် ၆ လက်ရ

ထန်တလန်မြို့အခြေစိုက် စစ်ကောင်စီတပ် ခလရ(၂၆၉)တပ်ရင်းကို ချင်းတော်လှန်ရေးတပ်များတိုက်ခိုက်ရာ စစ်ကောင်စီတပ်သားနှစ်ဦးဖမ်းမိပြီး လက်နက် ၆ လက်ရ

ချင်းပြည်နယ် ထန်တလန်မြို့အခြေစိုက် စစ်ကောင်စီတပ် ခလရ(၂၆၉)တပ်ရင်းဌာနချုပ်အား ချင်းတော်လှန်ရေးတပ်များက ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၁၄)ရက်နေ့ နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား(၂)ဦးကို အရှင်ဖမ်းဆီးရမိခဲ့ပြီး လက်နက်(၆)လက်ကို သိမ်းဆည်းရရှိခဲ့ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF)က သတင်းထုတ်ပြန်သည်။



အဆိုပါစစ်ကောင်စီတပ်၏ ခလရ(၂၆၉)တပ်ရင်းဌာနချုပ်ကို တိုက်ခိုက်ခဲ့ရာ ဌာနချုပ်စခန်းလုံခြုံရေး တပ်ခွဲစခန်းအား သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီတပ်ဘက်က သေဆုံးမှုစာရင်းကို မသိရသော်လည်း စစ်ကောင်စီတပ်သား(၂)ဦးကို အရှင်ဖမ်းမိကာ လက်နက်(၆)လက်ကို သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။



တိုက်ပွဲတွင် CDFထန်တလန်မှ ရဲဘော်တစ်ဦးနှင့် CNF-Zopheiမှ ရဲဘော်နှစ်ဦး ကျဆုံးခဲ့ရပြီး သိမ်းပိုက်ရရှိခဲ့သည့်စခန်းအား စစ်ကောင်စီတပ်က (၃)ကြိမ်ထက်မနည်း လေကြောင်းမှ ဗုံးကြဲကာ ဟားခါး ဗျူဟာကုန်းမှလည်း လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်ဟု သိရသည်။



ထို့အပြင် စစ်ကောင်စီတပ်က Khuafoကျေးရွာနှင့် Loklungကျေးရွာတို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ Khuafoကျေးရွာမှ ခရစ်ယာန်ဘုရားကျောင်းနှင့် ဓမ္မဆရာ၏ နေအိမ်တို့ပျက်စီးပြီး Loklung ကျေးရွာတွင် အနည်းဆုံးနေအိမ်(၄)လုံးပျက်စီးကာ အရပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။



ပြီးခဲ့သည့် မတ်လ(၃၀)ရက်နေ့ကလည်း Khuafoကျေးရွာကို စစ်ကောင်စီတပ်က (၄)ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား(၈)ဦးသေဆုံးပြီး (၁၁)ဦးဒဏ်ရာရရှိခဲ့ကာ နေအိမ်(၁၃)လုံးပျက်စီးခဲ့ရသေးသည်။



#TachileikNewsAgency

Photo : CNF