တာချီလိတ်တွင် နယ်စပ်ကုန်သွယ်ရေးမြှင့်တင်ရန်အတွက် ကုန်သည်များနှင့် ဌာနဆိုင်ရာများ တွေ့ဆုံဆွေးနွေး

တာချီလိတ်တွင် နယ်စပ်ကုန်သွယ်ရေးမြှင့်တင်ရန်အတွက် ကုန်သည်များနှင့် ဌာနဆိုင်ရာများ တွေ့ဆုံဆွေးနွေး
ဇန်နဝါရီ 8, 2020
By Tachileik News Agency

တာချီလိတ်တွင် နယ်စပ်ကုန်သွယ်ရေးမြှင့်တင်ရန်အတွက် ကုန်သည်များနှင့် ဌာနဆိုင်ရာများ
တွေ့ဆုံဆွေးနွေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် နယ်စပ်ကုန်သွယ်ရေး ကုန်သွယ်မှု မြှင့်တင်ရန်အတွက် ကုန်သွယ်ရေး လုပ်ငန်းဆောင်ရွက်နေသူများနှင့် သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၈)ရက်နေ့ နေ့လည်ပိုင်းက မယ်ယန်းနယ်စပ်ကုန်သွယ်ရေးစခန်းရုံးတွင် ဆွေးနွေးကြသည်။

“ကုမ္ပဏီလုပ်ငန်းရှင်များ၏ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်း မကျဆင်းစေရေး၊ ညီညွတ်မျှတမှုကို မပျက်စီးစေရေး၊ ဝန်ထမ်းများ၏ အကျင့်သီလစာရဏကို မထိခိုက်စေရေးအတွက် ဒေသအာဏာပိုင်များ တာဝန်ရှိဌာနများ၊ တာဝန်ရှိပုဂ္ဂိုလ်များက ဒေသတစ်ခုလုံး၏ လူမှုဘဝတိုးတက်ရေးနှင့် အကျိုးစီးပွားအလို့ငှာ ဝိုင်းဝန်းထိန်းသိမ်း ကြပ်မတ်ဆောင်ရွက်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်”ဟု တာချီလိတ်ကုန်သွယ်ရေးစခန်းတာဝန်ခံ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းလွင်က အစည်းအဝေးတွင် တိုက်တွန်းပြောကြားသည်။

နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေရာတွင် ကြုံတွေ့နေရသည့် အခက်အခဲများကို ကုန်သွယ်ရေး လုပ်ငန်းရှင်များက တင်ပြဆွေးနွေးကြပြီး သက်ဆိုင်ရာဌာနများက ညှိနှိုင်းဖြေရှင်းပေးကြသည်။

အစည်းအဝေးသို့ တာချီလိတ်ကုန်သွယ်ရေးစခန်းတာဝန်ခံ ကုန်သွယ်ရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ OSS ဌာန တာဝန်ခံ၊ စိုက်ပျိုးရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ တာချီလိတ်နယ်စပ်ကုန်သည်များအသင်း၊ မြို့နယ်ကုန်တင်ကုန်ချကော်မတီရုံးတို့မှ တာဝန်ရှိသူများနှင့် ကုန်သည်လုပ်ငန်းရှင်များ တက်ရောက် ဆွေးနွေးကြသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~