လွိုင်ကော်မြို့တွင် အာဏာသိမ်းစစ်တပ်၏ စစ်လေယာဉ်ဖြင့် တိုက်ခိုက်ခံနေရမှုကြောင့် ဘုရားကျောင်းပြိုကျပြီး နေအိမ်အချို့ မီးလောင်နေ 

လွိုင်ကော်မြို့တွင် အာဏာသိမ်းစစ်တပ်၏ စစ်လေယာဉ်ဖြင့် တိုက်ခိုက်ခံနေရမှုကြောင့် ဘုရားကျောင်းပြိုကျပြီး နေအိမ်အချို့ မီးလောင်နေ 
ဇန်နဝါရီ 11, 2022 | ကယား

အာဏာသိမ်းစစ်တပ်က ယနေ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၁၁) ရက်နေ့ ညနေပိုင်းတွင် လေယာဉ်ဖြင့် ဗုံးကြဲ ပစ်ခတ်တိုက်ခိုက်ပြီးနောက် ဒေါဥခူရှိ စနေအသင်း (နှစ်ခြင်းအသင်းတော်) ဘုရားကျောင်း ညနေ (၆)နာရီခွဲအချိန်တွင် ပြိုကျသွားပြီး လူအချို့ ပိတ်မိနေသည့် အပြင် မိုင်းလုံးရပ်ကွက်မှ နေအိမ်အချို့လည်း မီးစွဲလောင်နေကြောင်း သိရသည်။

အခြေနေကို မသိရသေးဘူး။ သေချာတာကတော့ မိုင်းလုံး၊ ပန်ကန်းဖက်တစ်ကြောကို ပစ်နေတာ။

ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။

လွိုင်ကော်မြို့ကို အာဏာသိမ်းစစ်တပ်က ယနေ့ လေကြောင်းမှ (၅) ကြိမ်တိုင်တိုင် ပစ်ခတ်ဗုံးကြဲပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်နေခဲ့ပြီး ဘုရားကျောင်းတော် ပြိုကျရခြင်းအကြောင်းရင်းနှင့် ထိခိုက်မှုအခြေအနေများကို အတည်မပြုနိုင်သေးပါ။

ပဲခူးတိုင်း၊ တောင်ငူအခြေစိုက် အာဏာသိမ်းစစ်တပ်၏ လေတပ်မှ စစ်လေယာဉ် (၂) စီးက ညနေ (၅)နာရီ (၃၄)မိနစ်တွင် ကရင်နီပြည်နယ်ဘက်သို ဦးတည်ပျံသန်းသွားသည်ကို တွေ့လိုက်ရပြီးနောက် မိနစ်အနည်းငယ်အတွင်း လွိုင်ကော်မြိုကို ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်က လူနေရပ်ကွက်များပါမရှောင်‌ လေကြောင်းတိုက်ခိုက်မှုများ လုပ်လာ၍ ဒေသအသီးသီးရှိ လေတပ်များမှ လေယာဉ်အတက်အဆင်း သတင်းအချက်အလက်များကို  အချိန်နှင့်တပြေးညီ မျှဝေပေးရန် ပြည်သူအချို့က ကြိုးစားကူညီလာကြသည်ကိုလည်း တွေ့ရသည်။