ကယားပြည်နယ် လွိုင်ကော်မြို့တွင် မန္တလေးမှ ပြန်လာသည့် ကုန်တင်ယာဉ်မောင်း (၂) ဦး၌ Covid-19 ပိုးတွေ့

ကယားပြည်နယ် လွိုင်ကော်မြို့တွင် မန္တလေးမှ ပြန်လာသည့် ကုန်တင်ယာဉ်မောင်း (၂) ဦး၌ Covid-19 ပိုးတွေ့
ဇန်နဝါရီ 4, 2021 | Covid-19| ကယား

ကယားပြည်နယ်၊ လွိုင်ကော်မြို့ ယာယီကုန်တင်ယာဉ်ရပ်နားစခန်းတွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့က မန္တလေးမှပြန်လာသည့် ကုန်တင်ယာဉ်မောင်း (၂) ဦးတွင် Covid-19 ပိုးတွေ့ရကြောင်း သိရသည်။

လွိုင်ကော်မြို့ ယာယီကုန်တင်ယာဉ်ရပ်နားစခန်းရှိ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၆၂) ဦးအား RDT ဖြင့်စစ်ဆေးပေးခဲ့ရာ မန္တလေးမှ ကုန်တင်၍ ပြန်လာသော ယာဉ်မောင်း (၂)ဦးတွင် Covid-19 ပိုးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပိုးတွေ့ရှိသူများဖြစ်သည့် အသက် (၄၇)နှစ်အရွယ် အမျိုးသားယာဉ်မောင်းမှာ မန္တလေးမြို့မှ ကုန်များတင်၍ ဇန်နဝါရီလ (၂) ရက်နေ့တွင် လွိုင်ကော်သို့ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး အသက် (၂၉)နှစ်အရွယ် အမျိုးသားယာဉ်မောင်းမှာ မန္တလေးမြို့မှ ကုန်မပါဘဲပြန်လာရာ ဇန်နဝါရီလ (၄) ရက်နေ့ နံနက်ပိုင်းတွင် လွိုင်ကော်မြို့ ယာယီကုန်တင်ယာဉ်ရပ်နားစခန်းသို့ ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

ပိုးတွေ့အတည်ပြုလူနာ (၂) ဦး၏ ကျန်းမာရေးအခြေနေမှာကောင်းမွန်နေပြီး လွိုင်ကော်ပြည်သူ့ဆေးရုံကြီး၌ ထားရှိကုသပေးမည်ဖြစ်ကြောင်း သိရသည်။



အဆိုပါယာဉ်မောင်းများနှင့် ထိတွေ့ခဲ့သည့် ခေါက်တိုယာဉ်မောင်း (၁) ဦးအား လွိုင်ကော်မြို့ န.တ.လ သင်တန်းကျောင်းတွင် အသွားလာကန့်သက်ထားပြီး ဓာတ်ခွဲနမူနာများရယူစစ်ဆေးသွားမည်ဖြစ်ကြောင်းသိရသည်။ 

ကယားပြည်နယ်တွင် ဇန်နဝါရီလ (၄) ရက်နေ့အထိ COVID - 19 အတည်ပြုလူနာ( ၈၈) ဦးအထိရှိလာပြီဖြစ်ပြီး ရောဂါသက်သာ၍ ဆေးရုံဆင်းခွင့်ရရှိသူ (၆၉) ဦး၊ ဆေးကုသမှုခံယူနေသူ (၁၈) ဦးနှင့် သေဆုံးသူ (၁) ဦးရှိကြောင်း သိရသည်။

Tachileik News Agency

သတင်း - ဆန်းဖြိုးထွန်း

ဓာတ်ပုံ-ရွှေလွိုင်ကော်

 

ဆန်းဖြိုးထွန်းသည် Tachileik News Agency ၏ ကယားပြည်နယ်အခြေစိုက် အကြီးတန်း သတင်းထောက်ဖြစ်သည်။