ကျောက်မဲ - သီပေါလမ်းပိုင်းတွင် တိုက်ပွဲဆက်ဖြစ်နေ၍ လမ်းပိုင်းဖြတ်သန်းသွားလာမှု ဆိုင်းငံ့ထားရ

ကျောက်မဲ - သီပေါလမ်းပိုင်းတွင် တိုက်ပွဲဆက်ဖြစ်နေ၍ လမ်းပိုင်းဖြတ်သန်းသွားလာမှု ဆိုင်းငံ့ထားရ
ဇန်နဝါရီ 8, 2022 | ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲနှင့် သီပေါမြို့နယ်နှစ်ခုကြား ကျောက်မဲ -  သီ​ပေါလမ်းပိုင်းတွင် ရှမ်းတိုင်းရင်းသားလက်နက်ကိုင်နှစ်ဖွဲ့အကြား ဖြစ်ပပွားနေသည့် တိုက်ပွဲမှာ ယနေ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၈) ရက်နေ့တွင် ဆက်လက်ဖြစ်ပွားနေ၍ လမ်းပိုင်းဖြတ်သန်းသွားလာမှုကို ညနေပိုင်းတွင် ဆိုင်းငံ့ထားရကြောင်း သိရသည်။

ကျောက်မဲနှင့် သီပေါကြား  ပြည်​ထောင်စုလမ်းမကြီး ​နောင်အန်း​ကျေးရွာအနီးတွင် ယခု ည​နေ ၄ နာရီ ၄၅ ခန့်မှစ၍ တိုက်ပွဲဖြစ်ပွား​နေ၍ သီပေါဖက်မှလာသည့်ကားများကို သီပေါဘက်သို့ ပြန်လှည့်စေပြီး ကျောက်မဲဘက်လာသည့်ကားများကို နောင်အန်းရွာအနီးတွင် ရပ်တန့်ထားရကြောင်း သိရသည်။

တိုက်ပွဲအခြေအနေကြောင့်မှာ ရွာမှာ လူတွေမရှိတော့ဘူး။ ဆိုင်တွေ အလုပ်တွေ ပိတ်ပြီး ဘော်ကြိုဘက် စစ်ဘေးရှောင်ကြကုန်ပြီ။ ပြည်သူတွေလည်း သူတို့ အချင်းချင်း တိုက်ကြတဲ့ ဒဏ်ကို ခုထိ ခံနေရတာ မလွယ်ဘူးဗျာ။ ခုထိ တိမ်းရှောင်နေကြရဆဲပဲ

ဟု ယာဉ်မောင်းတစ်ဦးက Tachileik News Agency သို့ ပြောသည်။

ယမန်နေ့ ညပိုင်းကလည်း အဆိုပါလမ်းပိုင်းတွင် RCSS/SSA နှင့် SSPP/SSA တို့ တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံများ စစ်ဘေးရှောင်နေကြရပြီး သီပေါမြို့တွင် စစ်ရှောင် (၂၀၀)ဝန်းကျင်ရောက်နေကြောင်း သိရသည်။