ကရင်နီ - ထိုင်းနယ်စပ်အတွင်း အာဏာသိမ်းစစ်တပ်၏ လေကြောင်းတိုက်ခိုက်ကြောင့် ထိုင်းနယ်မြေဘက်ထိပါက ပြန်တုန့်ပြန်မည်ဟု သတိပေး

Photo: Mae Sot Media
Photo: Mae Sot Media
ကရင်နီ - ထိုင်းနယ်စပ်အတွင်း အာဏာသိမ်းစစ်တပ်၏ လေကြောင်းတိုက်ခိုက်ကြောင့် ထိုင်းနယ်မြေဘက်ထိပါက ပြန်တုန့်ပြန်မည်ဟု သတိပေး
ဇန်နဝါရီ 8, 2022 | ကယား

ထိုင်းနိုင်ငံနှင့်နယ်စပ် ကရင်နီ(ကယား)ပြည်နယ်အတွင်း ယမန်နေ့ကတည်းက အာဏာသိမ်းစစ်တပ်က လေကြောင်းမှ တိုက်ခိုက်ပြီး ယနေ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၈) ရက်နေ့တွင် အင်အားထပ်ဖြည့်နေ၍ ထိုင်းဘက်တပ်စခန်းတွင် တပ်လှန့်ထားပြီး ထိုင်းနယ်မြေကို ထိပါက ပြန်လည်တုန့်ပြန်မည်ဟု သတိပေးထားသည်။

ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်တစ်ဖက်ခြမ်းရှိ ကရင်နီ(ကယား)ပြည်နယ်တွင်းမှ အာဏာသိမ်းစစ်တပ်၏ ခြေကုပ်စခန်းတစ်ခုတွင် ယနေ့ ဇန်နဝါရီလ (၈) ရက်နေ့တွင် ရုရှားလုပ် Mi 8 လေယာဉ် (၂) စီး၊ စစ်ရဟတ်ယာဉ် (၁)စီးဖြင့် အင်အား (၃၀) ခန့်အင်အား ထပ်ဖြည့်ထား၍ မကြာမီလေကြောင်းတိုက်ခိုက်မှုများဖြင့်ပါ အပြင်းအထန်တိုက်ခိုက်ဖွယ်ရှိနေကြောင်း Mae Sot Media က သတင်းဖေါ်ပြထားသည်။

ယင်းအပြင်အဆိုပါ ဧရိယာတဝိုက်တွင် MIG 29 လေယာဉ် (၂)စီးနှင့် CH-3A ဒရုန်းတစ်စီးတို့ကလည်း ကင်းထောက်နေသည်ကို တွေ့ရကြောင်း သိရသည်။

လက်ရှိ အာဏာသိမ်းစစ်တပ်က အင်အားဖြည့်တင်းပြင်ဆင်နေသည့်နေရာမှာ ထိုင်းစစ်တပ်၏အခြေစိုက်စခန်းနှင့် နီးကပ်နေသဖြင့် ထိုင်းနယ်မြေဘက်သို့ ထိခိုက်မှုများရှိလာပါက ထိုင်းစစ်တပ်က ပြန်လည်တိုက်ခိုက်ရမည့်အနေအထားဖြစ်နေသည်ဟု သိရသည်။

အဆိုပါနယ်မြေတွင် ယမန်နေ့ကတည်းက အာဏာသိမ်းစစ်တပ်က လေကြောင်းမှတိုက်ခိုက်ခဲ့မှုများကြောင့် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများအပါအဝင် စစ်ဘေးရှောင် (၂၀၀) ခန့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ဘက်သို့ ထွက်ပြေးခိုလှုံရန် ကြိုးစားခဲ့ကြသော်လည်း ထိုင်းနိုင်ငံက ဝင်ခွင့်မပေးဘဲ ထိုင်းစစ်ခန်းအနီး မြန်မာနယ်စပ်ဘက်အခြမ်းတွင် ယာယီစောင့်ဆိုင်းနိုင်စေရန် ထိုင်းစစ်တပ်မှ တပ်ဖွဲ့ဝင်များက စီစဉ်ပေးထားပြီး မြန်မာဘက်အခြေအနေကို စောင့်ကြည့်နေဆဲဖြစ်ကြောင်းသိရသည်။