ဒီးမော့ဆိုမြို့ ဒေါငံခါးရပ်ကွက်တွင်းသို့ အာဏာသိမ်းစစ်တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ဆောက်လုပ်ရေးရုံး မီးလောင်ပြီး တံတားတစ်စင်း ပျက်စီး

ဒီးမော့ဆိုမြို့ ဒေါငံခါးရပ်ကွက်တွင်းသို့ အာဏာသိမ်းစစ်တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ဆောက်လုပ်ရေးရုံး မီးလောင်ပြီး တံတားတစ်စင်း ပျက်စီး
မေ 22, 2021 | ကယား

 ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့ ဒေါငံခါးရပ်ကွက် အတွင်းသို့ ယနေ့ မေလ (၂၂)ရက်နေ့ နေ့လည်ပိုင်းက စစ်ကောင်စီ မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဆောက်လုပ်ရေးရုံးတစ်ခု မီးလောင်ကာ တံတားတစ်စင်းပျက်ဆီးသွားကြောင်း ကရင်နီပြည်သူ့ကာကွယ်ရေးတပ်က သတင်းထုတ်ပြန်သည်။ 

မီးလောင်တာတော့ ခု တွေ့နေရတယ်။ လူသွားလူလာ မရှိသလောက်ပါပဲ။ ဗုံးကွဲသံကြားတာမျိုးတော့ ရှိတယ်။ အခု ကျွန်တော်ရှိနေတဲ့ နေရာကနေ မီးလောင်နေတာတော့ တွေ့နေရတယ်

ဟု အဆိုပါနေရာအနီး ရောက်ရှိနေသူ ဒေသခံ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အကြမ်းဖက်စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အများပြည်သူပုံမှန် အားထားသွားလာနေရသော ဒေါငံခါးရွာတံတားပျက်ဆီးပြီး ဆောက်လုပ်ရေးရုံးတစ်ရုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းကို ကရင်နီပြည်သူ့ကာကွယ်ရေးတပ် က ၎င်းတို့ရဲ့ Facebook စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။ 

ဒီးမော့ဆိုမြို့နယ်အတွင်း မေလ(၂၁)ရက်နေ့က တစ်ရက်လုံးနီးပါ ပြည်သူ့ကာကွယ်ရေးတပ်များ(PDF)နှင့် စစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့များ တိုက်ပွဲ ဖြစ်ပွားနေခဲ့ခြင်းဖြစ်ပြီး ယနေ့ မေလ (၂၂)ရက်နေ့မှာတော့ ဒီးမော့ဆိုမြို့နယ်အတွင်း နှစ်ဖက် ပစ်ခတ်မှု မရှိသေးကြောင်း သိရသည်။

 

Photo - KPDF