အာဏာသိမ်းအဖွဲ့၏ ဟိုတယ်ခရီးဝန်ကြီးဌာနက ကျိုင်းတုံမြို့နယ်အတွင်း လွိုင်မွေတွင် ချယ်ရီပန်းပွဲတော်ကို ဇန်နဝါရီလ(၁၀)ရက်နေ့အထိ ပြုလုပ်မည်

အာဏာသိမ်းအဖွဲ့၏ ဟိုတယ်ခရီးဝန်ကြီးဌာနက ကျိုင်းတုံမြို့နယ်အတွင်း လွိုင်မွေတွင် ချယ်ရီပန်းပွဲတော်ကို ဇန်နဝါရီလ(၁၀)ရက်နေ့အထိ ပြုလုပ်မည်
ဇန်နဝါရီ 5, 2022 | ရှမ်းရှေ့

အာဏာသိမ်း စစ်ကောင်စီ အဖွဲ့၏ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်အတွင်းရှိ လွိုင်မွေ၌ ချယ်ရီပန်းပွဲတော်ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၆) ရက်နေ့မှ (၁၀) ရက်နေ့အထိ ကျင်းပရန် စီစဉ်ထားသည်ကို တွေ့ရသည်။

တြိဂံဒေသတိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ ကျိုင်းတုံမြို့နှင့် မိုင် (၂၀) အကွာရှိ လွိုင်မွေတောင်ပေါ်ဒေသတွင် ကိုလိုနီခေတ်က အစိုးရအုပ်ချုပ်သူများနေထိုင်ရာ နေအိမ်များရှိသည့်နေရာတွင် အာဏာသိမ်းစစ်တပ်က အခြေစိုက်ထား၍ လွိုင်မွေတပ်စခန်းမြို့ဟုလည်း ခေါ်ကြသည့်နေရာတွင် ချယ်ရီပန်းပွဲတော် ပြုလုပ်ရန် စီစဉ်ထားခြင်းဖြစ်သည်။



ရှမ်းပြည်နယ်အရှေ့ပိုင်း တောင်ပေါ်ဒေသတွင် တစ်ခုထဲသော ချယ်ရီပင်အစုအဝေးရှိသည့် လွိုင်မွေသို့ နှစ်စဉ် ပန်းပွင့်ချိန်တိုင်း အနီးဝန်းကျင်နေထိုင်သူများက ဓါတ်ပုံရိုက်ရန် လာရောက်ကြလေ့ရှိပြီး အဆိုပါ ဧည့်သည်များအား အမှီပြု၍ ဒေသခံများက ဈေးရောင်းကြခြင်းဖြစ်သည်။



အဆိုပါ ချယ်ရီပင်တန်းရှိရာနေရာကို အပင်များခုတ်ခြင်း၊ ပန်းခူးခြင်းများမလုပ်ကြရန်နှင့် အပင်သစ်များစိုက်ရန် ဒေသခံများက ကြိုးစားလုပ်ဆောင်ရာတွင် အာဏာသိမ်းအဖွဲ့၏ အခြေစိုက်တပ်က တားဆီးမှုများနှင့် ကြုံခဲ့ကြရပြီး ယခုနှစ်တွင် အာဏာသိမ်းအဖွဲ့၏ ဟိုတယ်ခရီးဝန်ကြီးဌာနက ချယ်ရီပန်းပွဲတော်ဟု အမည်တပ်ကာ ပွဲလုပ်လာသည်ကို တွေ့ရသည်။

အာဏာသိမ်းအဖွဲ့၏ ဝန်ကြီးဌာနက ချယ်ရီပန်းပွဲတော်ဖွင့်ပွဲအား စက်ဘီးစီးပြိုင်ပွဲဖြင့်ပါ ထည့်သွင်းလုပ်ဆောင်ရန် ကနဦးက စီစဉ်ထားသော်လည်း နောက်ပိုင်းတွင် စက်ဘီးစီးပြိုင်ပွဲကို မထည့်တော့ရန် ဆုံးဖြတ်လိုက်ကြသည်ကို တွေ့ရသည်။

ပန်းပွဲတော်လုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ  လွိုင်မွေသည်  ဒီဇင်ဘာလကုန် ကတည်းက ချယ်ရီပန်းပွင့်ချိန် သွားလာလည်ပတ်သူ အများအပြားဖြင့် နှစ်စဉ် စည်ကားနေသည့် ဒေသဖြစ်သည်။