ကန့်ဘလူမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကြောင့် ဒေသခံများထွက်ပြေးနေရ

ကန့်ဘလူမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကြောင့် ဒေသခံများထွက်ပြေးနေရ
အောက်တိုဘာ 16, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တွင် ယမန်နေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၁၅)ရက်နေ့ကစတင်ကာ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့ကြောင့် ကျေးရွာ(၆)ရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။

အောက်တိုဘာလ (၁၅)ရက်နေ့က ကျွန်းလှမြို့မြောက်ဘက်အနီး ပေကုန်းကျေးရွာမှ ထွက်လာသော စစ်ကောင်စီတပ်နှင့် ပျူစောထီး  ပူးပေါင်းတပ်ဖွဲ့သည် ကန့်ဘလူမြို့နယ်၊ ပင့်သာတိုက်နယ်အတွင်းရှိ ချောင်းခြားကျေးရွာသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ကြောင်းသည် ချောင်းခြားကျေးရွာမှတဆင့် ဖလားရကျေးရွာသို့ဝင်ရောက်ကာ ယာယီစခန်းချခဲ့ပြီးနောက် ယနေ့အောက်တိုဘာလ(၁၆)ရက်နေ့ နံနက်ပိုင်းတွင် ပင့်သာကျေးရွာသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်ခဲ့ကြောင်း သိရသည်။

"မနေ့က ချောင်းခြားကိုရောက်တော့ PDF တပ်ရင်းတွေနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေ သွားပစ်ခဲ့ကြတယ်။ ခွေးတွေ တိုက်မိုင်း၊ ဆွဲမိုင်းတွေထိပြီး ကျတယ်လို့လည်းသိရတယ်။ နေ့ခင်း(၁၂)နာရီကျော် ဖလားရကျေးရွာ ရောက်တော့လည်း တိုက်ပွဲထပ်ဖြစ်တယ်။ ဒီနေ့ စက်တင်ဘာ(၁၆) ရက်နေ့မှာလည်း မနက်(၆)နာရီလောက်ကတည်းကနေ (၁၂)နာရီထိုးချိန်အထိ တိုက်ပွဲတွေဖြစ်နေကြတယ်။”ဟု ဒေသခံတစ်ဦးကပြောသည်။ 

စစ်ကောင်စီတပ်ဖွဲ့များ စစ်ကြောင်းထိုးမှုကြောင့် ချောင်းခြား၊ ဖလားရ၊ အင်းမ၊ ရှမ်းကုန်း၊ ပင့်သာ၊ မကျီးကုန်း စသည့်ကျေးရွာများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

#TachileikNewsAgency