အာဏာသိမ်းအဖွဲ့က အမေရိကန် သတင်းသမား ဒန်နီဖန်စတာကို ထောင်ဒဏ် ၁၁ နှစ်ချမှတ်

အမေရိကန်သတင်းသမား Danny Fenster
အမေရိကန်သတင်းသမား Danny Fenster
အာဏာသိမ်းအဖွဲ့က အမေရိကန် သတင်းသမား ဒန်နီဖန်စတာကို ထောင်ဒဏ် ၁၁ နှစ်ချမှတ်
By Tachileik News Agency

အာဏာသိမ်းအဖွဲ့က ဖမ်းဆီးထားသည့် အမေရိကန်နိုင်ငံသား သတင်းသမား ဒန်နီဖန်စတာ (Danny Fenster) ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၁၂) ရက်နေ့တွင် ထောင်ဒဏ် (၁၁)နှစ် ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။

လွန်ခဲ့သည့် (၅)လကျော်က အမေရိကန်ပြည်ထောင်စုသို့ ထွက်ခွာရန် ရန်ကုန်လေဆိပ်ရောက်လာသည့် ၃၇ နှစ်အရွယ် သတင်းသမား ဒန်နီဖန်စတာကို အာဏာသိမ်းအဖွဲ့က ဖမ်းဆီးလိုက်ပြီးနောက် အင်းစိန်ထောင်တွင် ထိန်းသိမ်းထားခဲ့ခြင်းဖြစ်သည်။

Frontier Myanmar ၏ Managing Editor ဖြစ်သည့် ဒန်နီဖန်စတာအား မည်သည့်အတွက် ဖမ်းဆီးသည်ကို ရှင်းရှင်းလင်းလင်းမသိရဘဲ ထောင်ဒဏ်အနှစ် (၂၀)အထိချမှတ်နိုင်သည့်ပုဒ်မအပါအဝင် စုစုပေါင်း ပုဒ်မ (၅) ခုဖြင့် အာဏာသိမ်းအဖွဲ့က စွပ်စွဲအမှုဖွင့်ထားခဲ့ခြင်းဖြစ်သည်။

ယနေ့ရုံးချိန်းတွင် ဒန်နီဖန်စတာအား ရာဇသတ်ကြီးပုဒ်မ ၅၀၅ က၊ မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ၊ ဗီဇာစည်းကမ်းချိုးဖေါက်မှုတို့ဖြင့် ထောင်ဒဏ် (၁၁)နှစ်ပြစ်ဒဏ်ချသည့်အပြင် ငွေဒဏ်ပါချမှတ်ကြောင်း သိရသည်။

အာဏာသိမ်းအဖွဲ့သည် အာဏာသိမ်းပြီးကတည်းက ရာနှင့်ချီသော သတင်းသမားများကို ပုဒ်မအမျိုးမျိုးဖြင့် စွပ်စွဲအမှုဖွင့်ဖမ်းဆီးနေပြီး လွတ်လပ်သည့် သတင်းဌာန (၉)ခုကိုလည်း လိုင်စင်ပိတ်သိမ်းထားခြင်းဖြစ်သည်။



Photo: Frontier Myanmar