ကန်ပက်လက်မြို့နယ် မဆွာတွီရွာကို စစ်ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးပြီး ဆဲဆိုစာများရေးသား

ကန်ပက်လက်မြို့နယ် မဆွာတွီရွာကို စစ်ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးပြီး ဆဲဆိုစာများရေးသား

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် ကျင်ဒွေးသို့ ရိက္ခာပို့မည့် စစ်ကောင်စီတပ် စစ်ကြောင်းသည် မဆာတွီကျေးရွာ၌ ညအိပ်ခဲ့ကြစဉ် ဒေသခံများ၏ အိုးအိမ်များကို ဖျက်ဆီးခဲ့ကြကြောင်း ၂၀၂၃ခုနှစ် ဇူလိုင်လ (၂၅)ရက်နေ့တွင် Khonu Battalionတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

အဆိုပါစစ်ကောင်စီတပ်သည် ဆဲဆိုစာများရေးသားကာ ဘာသာရေးအဆောက်အအုံများ၊ စာသင်ကျောင်းများနှင့် အိမ်တွင်းရှိ ပစ္စည်းများကို ယူဆောင်ခြင်း၊ ဖျက်ဆီးခြင်းများအပြင် သောက်စားမူးယစ်ခြင်းနှင့် အိမ်မွေးတိရစ္ဆာန်များကို သတ်ဖြတ်စားသောက်ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ထို့အပြင် စာသင်ကျောင်းများရှိ ကွန်ပျူတာ၊ မှတ်တမ်းဖိုင်များနှင့် ကျောင်းပိုင်ပစ္စည်းများကိုလည်း ယူဆောင်သွားကြသည်ဟု သိရ သည်။

၎င်းစစ်ကောင်စီတပ်စစ်ကြောင်းသည် ဇူလိုင်လ (၁၃)ရက်နေ့ကစတင်ကာ ကျောက်ထုအမြှောက်တပ်မှ အင်အား(၂၀၀)ဝန်းကျင်နှင့် လောင်းရှည်ဘက်သို့ ရောက်ရှိနေသည့် အင်အား (၄၀၀)ဝန်းကျင်ရှိ စစ်ကောင်စီတပ် စစ်ကြောင်း (၂)ကြောင်းသည် ကျင်ဒွေးဘက်သို့ ဦးတည်၍ စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း သိရသည်။

၎င်းစစ်ကောင်စီတပ်သည် ဇူလိုင်လ (၂၄)ရက်နေ့တွင် မောချောင်းရွာနှင့် လှိုင်ဒုတ်ရွာသစ်အကြား၊ (၂၃)ရက်နေ့တွင် မောချောင်းရွာအဝင်၊ ဇူလိုင်လ (၂၁)ရက်နေ့က မဆာတွီတောင်အနီး၊ ဇူလိုင်လ (၁၉)ရက်နေ့တွင် မဆာတွီကျေးရွာအနီး၊ ဇူလိုင်လ (၁၈)ရက်နေ့တွင် ဆွဲလွဲကျင်းနှင့် မဆာတွီကျေးရွာအကြား၊ ဇူလိုင်လ (၁၆)ရက်နေ့တွင် ဆွဲလွဲကျင်းကျေးရွာအနီးတို့၌ တိုက်ပွဲများဖြစ်ပွားခဲ့သေးသည်။

ဇူလိုင်လ (၁၈)ရက်နေ့ကလည်း မဆာတွီကျေးရွာကို စစ်ကောင်စီတပ်ဘက်က တိုက်လေယာဉ် (၅)စီးဖြင့် အကြိမ်(၂၀)ထက်မနည်း  ပစ်ခတ်ခဲ့ရာ BCM ဘုရားကျောင်း အပါအဝင် နေအိမ် (၇)လုံး ပျက်စီးဆုံးရှုံးခဲ့ရသည်။

#TachileikNewsAgency

Photo : Khonu Battalion