တာချီလိတ်မြို့နယ်အတွင်း  (၃)နှစ်တာ ကာလအတွင်း၌ လူသတ်မှုအများဆုံးအဖြစ် ၂၀၂၁ခုနှစ်တွင် (၁၅)မှု ဖြစ်ပွားခဲ့

တာချီလိတ်မြို့နယ်အတွင်း  (၃)နှစ်တာ ကာလအတွင်း၌ လူသတ်မှုအများဆုံးအဖြစ် ၂၀၂၁ခုနှစ်တွင် (၁၅)မှု ဖြစ်ပွားခဲ့

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ၂၀၂၁ ခုနှစ်အတွင်း လူသတ်မှု (၁၅)မှုဖြင့် သုံးနှစ်တာကာလအတွင်း လူသတ်မှုအများဆုံးနှစ် ဖြစ်သည်ကို တွေ့ရသည်။

တာချီလိတ်မြို့နယ်အတွင်း ၂၀၁၉ ခုနှစ်က လူသတ်မှု (၁၁)မှု၊ ၂၀၂၀ခုနှစ်က လူသတ်မှု (၁၃)မှု ဖြစ်ပွားခဲ့ပြီး ၂၀၂၁ခုနှစ်တွင်  လူသတ်မှုပေါင်း (၁၅) မှုအထိ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် တစ်နှစ်တာအတွင်း တာချီလိတ်မြို့နယ်၌ ဖြစ်ပွားခဲ့သည့် လူသတ်မှုများနက်  Tachileik News Agency မှ စုံစမ်းဖော်ပြနိုင်ခဲ့သည့် လူသတ်မှုများတွင် မတ်လအတွင်း (၃)မှုရှိခဲ့ပြီး မတ်လ (၁) ရက်နေ့ ည(၈)နာရီကျော်က  ဝိန်းကျောက်ရပ်ကွက်၊ နေဝန်းနီဆီပန့်နောက်ဘက် ဂိုဒေါင်တွင် အသက်(၂၆)နှစ်ရှိ လူငယ်တစ်ဦးအား သေနတ်ဖြင့် ပစ်သတ်ခံရမှုနှင့် မတ်လ (၂၂) ရက်နေ့က  ဆေခမ်း(ဟောင်လိတ်)ရပ်ကွက်အတွင်း ရှမ်းစာပေနှင့်ယဉ်ကျေးမှုကွင်း၏ ရေမြောင်းအနီးတွင် ဆက်ကျော်သက်အရွယ် အမျိုးသမီးတစ်ဦး အသတ်ခံထားရမှုတို့ဖြစ်ပွားခဲ့သည်။

ယင်းနောက် ဇွန်လအတွင်း (၉)ရက်နေ့ ညပိုင်းက တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးကို ဗုံးခွဲပြီး ကျည်အတွဲလိုက်ပါ ပစ်ခတ်ခံရမှုကြောင့် ရဲ (၁)ဦး သေဆုံးမှုလည်း ဖြစ်ပွားခဲ့သည်။

ယင်းအပြင် စက်တင်ဘာလ(၁၆)ရက်နေ့ နေ့လည်(၁)နာရီခွဲဝန်းကျင်အချိန်က ဝိန်းကျောက်ရပ်ကွက်အတွင်း အာခါဈေးလမ်း၊ ရှမ်းရှေ့တန်ဆောင်ကျောင်းအနီး   မြေယာအငြင်းပွားမှုများကြောင့် လူ(၂)ဦး သေနတ်ဖြင့် ပစ်သတ်ခံရမှု၊ နိုဝင်ဘာလ(၂၆)ရက်နေ့က ဖန်မင်ကျေးရွာအုပ်စု၊ ဧဒင်ကျေးရွာ၏ ကျိုင်းတုံ - တာချီလိတ်သွား ကားလမ်းဘေးတွင် လူငယ်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရမှု၊ ဒီဇင်ဘာလ(၃၁)ရက်နေ့က ရန်ဖြစ်ရာမှ ဓါးဖြင့်ထိုးသတ်မှုတို့ အပါအဝင် ၂၀၂၁ ခုနှစ်အတွင်းဖြစ်ပွားခဲ့သည့် လူသတ်မှု (၁၅)မှုအနက် အမှုအနည်းငယ်ကိုသာ ဖော်ထုတ်ဖမ်းဆီးရမိကြောင်း  သိရသည်။

တာချီလိတ်မှာကတော့ လူသတ်မှုတွေ ဖြစ်ပြီဆိုရင် ထုံးစံအတိုင်းပဲ မမိတာများပါတယ်။ ဒီနှစ်ထဲ သိရသလောက်ဆိုရင်တော့ မြေယာကိစ္စ လူသတ်မှုကလည်း တခါထဲမိတာဆိုတော့ အဲဒါရယ် နှစ်သစ်ကူးညက အမှုရယ် အဲဒါတော့ မိတယ်လို့ သိရတယ်။ တာချီလိတ်မှာက အကြွေးကိစ္စတွေ၊ တခြား အရှုပ်အရှင်းကိစ္စတွေကလည်း များတော့ ရဲတွေကိုယ်တိုင်က သေနတ်သမားတွေကိုဆိုရင် ကြောက်နေပြီ။  သေနတ်နဲ့ ပစ်သတ်တဲ့ အမှုဆိုရင် ဖော်ထုတ်ရမိတာ ရှားတယ်။

ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက Tachileik News Agency သို့ ပြောသည်။

တာချီလိတ်မြို့တွင် ဖြစ်ပွားသည့် လူသတ်မှုအများစုမှာ သေနတ်ဖြင့် ပစ်သတ်မှုများဖြစ်ကြပြီး ရဲတပ်ဖွဲ့အနေဖြင့် အမှုဖေါ်ထုတ်နိုင်ခြင်း မရှိသည်က အများစုဖြစ်သည်။

ရဲတပ်ဖွဲ့ အမှုဖေါ်ထုတ်နိုင်ခဲ့ခြင်းမရှိသည့် အမှုများတွင်  ၂၀၁၉ ခုနှစ် ဇန်နဝါရီလ(၂၉)ရက်နေ့ နေ့လယ်(၁၂း၄၅)နာရီ ဝန်းကျင်အချိန်က အာခါဈေးမီးပွိုင့်တွင် မီးနီစောင့်နေသည့် ကားပေါ်မှ တာချီလိတ်မြို့မျက်နှာဖုံးတစ်ဦးအား သေနတ်ဖြင့် အနီးကပ်ပစ်သတ်သွားမှုအား   တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၅၀/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄ ဖြင့် အမှုဖွင့်ထားသည့် လူသတ်မှုလည်း အပါအဝင်ဖြစ်သည်။

တာချီလိတ်မြို့နယ်အတွင်း ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ (၃) နှစ်တာအတွင်း ဖြစ်ပွားသည့် လူသတ်မှုပေါင်း (၃၉) မှုအနက် (၅) မှုကို အမှုပိတ်သိမ်းထားသည်ကို တွေ့ရသည်။