စစ်ရေးအခြေအနေအရ ပိတ်ထားသည့် လွိုင်ကော် - ဒီးမော့ဆို - ဒေါတမကြီး - ဘောလခဲလမ်းပိုင်းကို KNDF က တစ်ပတ် တစ်ရက် ဖွင့်ပေးမည်

စစ်ရေးအခြေအနေအရ ပိတ်ထားသည့် လွိုင်ကော် - ဒီးမော့ဆို - ဒေါတမကြီး - ဘောလခဲလမ်းပိုင်းကို KNDF က တစ်ပတ် တစ်ရက် ဖွင့်ပေးမည်
ဇန်နဝါရီ 2, 2022 | ကယား

ကယား(ကရင်နီ)ပြည်နယ်အတွင်း စစ်ရေးအခြေအနေ အရ ပိတ်ထားသည့် လွိုင်ကော်- ဒီးမော့ဆို- ဒေါတမကြီး- ဘောလခဲ လမ်းပိုင်းကို ကုန်စည်ကူးသန်းခွင့်နှင့် အရေးပေါ်သွားလာနိုင်ရန် အတွက် တစ်ပတ်လျှင် တစ်ရက်ဖွင့်ပေးသွားမည်ဖြစ်ကြောင်း KNDF က ယနေ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ(၂)ရက်နေ့တွင် ထုတ်ပြန်အသိပေးထားသည်။

ရက်အကန့်အသတ်မရှိ ပိတ်ထားခဲ့သည့် အဆိုပါလမ်းကို ပြည်သူများ၏ တောင်းဆိုချက်အရ၊ ကုန်စည်ကူးသန်းခွင့်နှင့် အရေးပေါ်သွားလာနိုင်ရန်အတွက် ဇန်နဝါရီလ (၃) ရက်မှ ဖေဖော်ဝါရီလ(၃) ရက်အထိ အပတ်စဥ် တနင်္လာနေ့တိုင်း ဖွင့်ပေးမည်ဟု သိရသည်။

ဖြတ်သန်းသွားလာမည့် သူများအနေဖြင့် အပတ်စဥ် တနင်္လာနေ့တိုင်း နံနက် (၆း၀၀) နာရီမှ ညနေ (၄း၀၀) နာရီအတွင်းတွင်သာ သွားလာရန်၊ အကြမ်းဖက်စစ်ကောင်စီတပ်၏ စီးပွားရေးနှင့် ဆက်စပ်သော မည်သည့်ထုတ်ကုန်ကို မဆို သယ်ဆောင် ကူးသန်းမှု မပြုရန် စည်းကမ်းသတ်မှတ်ထားပြီး စစ်ဆေးမှုခံယူခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ကြရန်ကိုလည်း တိုက်တွန်းထားသည်။

အဆိုပါ လမ်းပိုင်းမှ မြေပေါ်မြေအောက် သဘာဝသယံဇတများ သယ်ဆောင်ခြင်းမပြုရန်၊ ကုန်တင်ယာဥ်များ ဆန် (၁၀) အိတ်နှင့်အထက် သယ်ဆောင်ခြင်းမပြုရန်၊ ရွှေ့ပြောင်းအလုပ်သမားများ ဖြတ်သန်းသွားလာခြင်းမပြုရန်တားမြစ်ထားပြီး စည်းကမ်းချက်များကို လက်နာခြင်းမရှိသည့် မည်သူ့ကိုမဆို အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

လက်ရှိတွင် ကယား(ကရင်နီ)ပြည်၌ ဒေသကာကွယ်ရေးတပ်ပေါင်းစုနှင့် အကြမ်းဖက်စစ်ကောင်စီတို့အကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းဖြင့်ပါ တိုက်ခိုက်နေခြင်းဖြစ်သည်။